Latest Entries »

ကံကောင်းထောက်မ တောက်ပကြယ်တစ်ပွင့်

၉.၂.၂၀၁၁ ရက်နေ့က မြို့ထဲသွားဖြစ်ရင်းနဲ့ စာပေလောက( ၅ ) ကိုဝင်ဖြစ်လိုက်သည်။ ဒီလအတွင်း စာအုပ်တွေဝယ်တာ များနေလို့ မ၀ယ်တော့ဘူး ဆုံးဖြတ်ထားသော်လည်း သူငယ်ချင်းနဲ့အတူတူ တော့ စာအုပ်တွေ လိုက်ကြည့်ဖြစ်သည်။ လိုက်ကြည့်ရင်းနဲ့ သရေယိုချင်စရာ စာအုပ်တွေ တွေ့နေတော့ စိတ်က မနည်းထိန်းထားရပါသည်။ ဒီလိုနှင့် သူငယ်ချင်းကို ဟိုစာအုပ်ယူ၊ ဒီစာအုပ်ဝယ် စာအုပ်ဝယ်လမ်းညွှန်လုပ်ရင်းနဲ့ စာအုပ်တွေကို လျှောက်ကြည့်နေမိသည်။ စိတ်ထဲတော့ မရိုးမရွနှင့် ဆာလောင်နေသော ကလေး လူကြီးခွင့်ပြုချက်မရသေးလို့ စားပွဲပေါ်ကကိတ်မုန့်စားချင်သဖြင့် ပါးစပ် တပြင်ပြင်ဖြစ်နေသည်နှင့် တူပါသည်။ တကယ်တော့ အလကား လျှောက်ကြည့်နေတာ မဟုတ်ပါဘူး။ စိတ်ထဲက လိုချင်နေတဲ့ စာအုပ်တအုပ်ကို ရှာနေမိတာပါ။ ဒါပေမဲ့ အမျိုးအစားအမျိုးမျိုး စာအုပ်ပုံတွေကြားထဲမှာ ဘယ်လိုမှ ရှာမတွေ့ပါဘူး။

နာရီဝက်လောက် ကြာအောင် စာအုပ်စင်တန်းတွေကို မွှေနှောက်ကြည့်ရှု့ပြီးနောက် ကျနော် မနေနိုင်သည့်အဆုံး ကောင်တာမှ အမျိုးသမီးအား မေးမိလိုက်တော့သည်။ ကျနော် လိုချင်သည့် စာအုပ်မှာ ဒေါက်တာမောင်မောင်ညိုရေးသော “ကံကောင်းထောက်မ တောက်ပကြယ်တပွင့်” ပင်ဖြစ်ပါသည်။

ဆရာနှင့်ကျနော် အသက်အရွယ်ပညာအရည်အချင်းများစွာ ကွားခြားပါသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဖြင့် ၂၁ ရာစု၏ ကောင်းမွေ တခုဖြစ်သော အင်တာနက်အနုပညာယဉ်ကျေးမှု မှာ စီးမျောမှုခြင်း တူသဖြင့် ဆရာမောင်မောင်ညိုနှင့် ကျနော် ကမ္ဘာ့အကြီးဆုံး လူမှုဆက်သွယ်ရေးကွန်ရက်ကြီး တခုတွင် မိတ်ဆွေများဖြစ်နေကြသည်။

ဆရာ ထိုစာအုပ်အကြောင်း ကြေညာကတည်းက ကျနော် စိတ်ဝင်တစားဖတ်ချင်နေသည်။ ကျနော်သည် ကျော်ကြားသောသူတိုင်း၏ အတိတ်ဇာတ်လမ်း၊အတ္ထုပ္ပတ္တိတိုင်းကို စိတ်ဝင်စားသူမဟုတ်ပါ။ ဒါပေမဲ့ ကျနော် စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ၏ ငယ်ဘ၀ဇာတ်လမ်းများမှစ၍ ထိုသူတို့ ဖြတ်သန်းခဲ့ရသော ကာလ၊ အကြောင်းအရာ၊ ဆက်ဆံခဲ့ရသော သူများ အစရှိသဖြင့် စိတ်ဝင်တစားရှိတက်ရာ ဒေါက်တာမောင်မောင်ညို၏ စာအုပ်ကို ဖတ်ရှုလိုချင်း အာသီသ ဖြစ်ပေါ်သည်မှာ ထိုကြောင့်ပင်ဖြစ်ပါသည်။

စာအုပ်အရောင်းကောင်တာမှ အမျိုးသမီး ညွှန်ပြသည့် စာအုပ်စင်တွင် ကျနော်လိုချင်သော စာအုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကိုတွေပါသည်။ ကျနော် ၀ယ်လာခဲ့သည်။ ဒီလိုစာအုပ်မျိုးရေးသော စာရေးဆရာ ဒေါက်တာမောင်မောင်ညိုကိုလည်း စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။ ကျနော့်အတွက် သူနှင့် သူ့ခေတ်ပြိုင်များ၊ ဟိုတုန်းက နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးကစလို အခြေအနေအရပ်ရပ်များကို ဒီလိုစာအုပ်များမှ ရနိုင်သည်။ ထိုပြင်တ၀ စာရေးသူ ပြောချင်လိုသော သာမန်ခလေးတယောက်မှ ဘွဲ့ထူးဂုဏ်ထူးများစွာပိုင်ဆိုင်သည့် နာမည်ကျော် အနုပညာရှင် စာရေးဆရာတဦးဖြစ်လာနိုင်သည့်၊ ဖြစ်လာဖို့ အတွေးအမြင်များ၊ အလေ့အကျင့်များ၊ အတွေ့အကြုံများမှသည် မြောက်များစွာသော အကြောင်းအရာများကို အတုယူသင့်ဖွင့် တွေ့နိုင်သည်။

ဆရာနှင့် လူမှုကွန်ရက် ၀က်ဆိုဒ်များတွင် မိတ်ဆွေဖြစ်ပြီးမှ သူငယ်ချင်း တယောက်ညွှန်းသော ဆရာ့ဘလော့ တွင် ဆရာငယ်ဘ၀အကြောင်းလေးများ၊ ဆရာအတွေးအမြင်များ၊ ကဗျာများကို  ကျနော်တတ်သော မတောက်တခေါက် အင်္ဂလိပ်စာလေးဖြင့် ဖတ်ဖူးမှတ်ဖူးသည်။ ယခုတော့ ကျနော် ထိုအကြောင်းအရာများ များစွာပါဝင်မည့် ဗမာလိုရေးထားသော စာအုပ်ကို လက်ဝယ်တွင် ဖတ်ရှု့ရသဖြင့် နှလုံးပီတိဂွမ်းဆီထိ ဖြစ်ရသည်။

မနေ့ညက ဖတ်နေရင်းနှင့် ဆရာဆီ စာရေးချင်သည့် စိတ်ဖြစ်ပေါ်လာသဖြင့် လူမှုကွန်ရက်ဆက်သွယ်ရေးဝက်ဆိုဒ် စာတိုပို့စနစ်မှ စာတိုလေး ရေးပို့လိုက်ရာ ဒီနေ့ ညနေတွင် ဆရာ့ဆီမှ ပြန်စာလာပါသည်။ ထိုအတွက် အထူးပင် ကျေးဇူးတင်မိပါသည်။ ဆရာနှင့် ပထမဦးဆုံးအကြိမ် ဆက်သွယ်မှုလေးကို အမှတ်တရ ဖော်ပြလိုက်ပါသည်။

 

 

စာအုပ်အကြောင်း အနှစ်ချုပ်အနေဖြင့်ကို မြန်မာဘွခ်ရှော့မှ တင်ပြလိုက်ပါသည်။ ဒေါက်တာမောင်မောင်ညို၏ အသက် ၁၃ နှစ်အရွယ်တွင် ဆေးအကြိုသင်တန်း (မန္တလေး)တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၁၉၆၁ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်၏ ဆရာဝန်ဘွဲ့၊ ၁၉၆၉ ခုနှစ်၌ လန်ဒန်တက္ကသိုလ်၏ ဆေးပညာ ပါရဂူဘွဲ့၊ အမေရိကန်ပြည်ထောင်စု မိရှိဂန်ပြည်နယ် တက္ကသိုလ်မှ ဆေးပညာသိပ္ပံ မဟာဝိဇ္ဇာဘွဲ့လက်မှတ်၊ ၄င်းတက္ကသိုလ်မှပင် လူ့ဆေးပညာကောလိပ်နှင့် အရိုးအရင်းခံ ကောလိပ်မှ M.Dဘွဲ့နှင့် ဆေးပညာပါရဂူဘွဲ့ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ဘွဲ့လက်မှတ်များစွာကို ရရှိခဲ့သူ၊ အိမ်ထောင်ရေး ဆေးပညာပေးစာအုပ်များဖြင့် တစ်ခေတ် ထူထောင်နိုင်ခဲ့သူ၊ လက်ရှိတွင် မလေးရှားနိုင်ငံ ကူးချင်းမြို့ရှိ ဆာရာဝပ်ပြည်နယ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ စာရေးသူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။

စာရေးသူ၏ မျိုးရိုးဇာတိ၊ မန္တလေး ဆေးအကြိုကျောင်းသားဘ၀၊ ရန်ကုန်တက္ကသိုလ် ဆေးအကြိုကျောင်းသားဘ၀နှင့် ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်များတွင် ပညာဆည်းပူးခဲ့ပုံ၊ ဆရာဝန်ဖြစ်ပြီးနောက် စစ်ဘက်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ပြင်ဦးလွင်၊ တောင်ကြီး၊ မိုင်းတုံ၊ လားရှိုးအပါအ၀င် မြန်မာပြည်အနှံ့တွင် တာဝန်ထမ်းဆောင်ခဲ့ပုံ၊ စစ်ဘက် အတွေ့အကြုံများ၊ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပုံ၊ ဆေးတက္ကသိုလ် ၂ တွင် စာသင်ကြားပေးခဲ့ပုံ၊ ဆေးကုသမှု အတွေ့အကြုံ၊ စာပေနယ်ထဲသို့ ၀င်ရောက်လာခဲ့ပုံ၊ လက်ရှိ မလေးရှားတွင် တာဝန်ထမ်းဆောင်ရင်း ထိုင်း၊ မလေး၊ စင်ကာပူ၊ သြစတေးလျနိုင်ငံများသို့ အလည်ခရီးထွက်ခဲ့ပုံများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။

စာအုပ်အစတွင်ပင် ဒေါက်တာမောင်မောင်ညိုအတွက် ရေးပေးထားသော မိတ်ဆွေများ၏ အမှာစာများကို တခြားစာအုပ်တွေထက် ထူးကဲများပြားစွာကို တွေ့ရသည်။ ဆရာ၏ ပေါင်းသင်းဆက်ဆံရေး အတိမ်အနက်ကို မှန်းလို့ပင်ရသေးသည်။ အမှာစာများတွင်  ဆရာ ဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဒေါက်တာ သော်ကောင်းတို့မှ စ၍ လေးငါးဆယ်ဦး ရေးထားသည်ကို ဖတ်ရသည်။

စာဖတ်ဝါသနာပါသော လူများနှင့် ခေတ်ပြိုင်များကို သိချင်ဖတ်ချင်သော လူများ ၀ယ်ယူဖတ်ရှု့သင့်သော စာအုပ်ဟု နိဂုံးချုပ်ပြောကြားလိုပါသည်။

မုဒိတာပွားစွာဖြင့်

ဖိုးသူတော်

၁၉း၁၁ နာရီ

၁၀.၂.၂၀၁၁

စာကိုး။ - မြန်မာဘွခ်ရှော့

ဓါတ်ပုံ။ - မြန်မာဘွခ်ရှော့နှင့်ဖေ့ဘွခ်လူမှုကွန်ရက်

>ရာသီစာ ပါတီများအကြောင်း တစေ့တစောင်း ( ၂ )

ပါတီအဟောင်းများ၊အသစ်များ၏ သမိုင်းကြောင်းနှင့် အခြေအနေများကို အသေးစိတ်ပြန်လည်တွက်ရှူ့သော် အောက်ပါအတိုင်းသာ တွေ့ရမည်ဖြစ်သည်။

( ၁ ) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ – တစည ( နောင်တွင်တစညဟုသာသုံးမည်- စာရေးသူ ) သည် ရှစ်လေးလုံးလူထုအုံကြွမှုကြီးကြောင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ ပြုတ်ကျပျောက်ကွယ်သွားရသည့် မဆလပါတီ အမာခံခေါင်းဆောင်ဟောင်းများနှင့် ဖွဲ့စည်းတည်ထောင်ပေါ်ထွက်လာပြီး မဆလတဖြစ်လဲ တစည ပါတီလို့ နာမည်တက်ခံခဲ့ရသည့် ပါတီဖြစ်သည်။ ယခင် တစညပါတီဥက္ကဌဟောင်း ဦးသာကျော်မရှိတော့သည့်အတွက် ယခု အသစ်ပြန်လည်ဖွဲ့စည်းချိန်မှာ ဥက္ကဌအဖြစ် ဦးထွန်းရီ ( ဒု-တပ်ချုပ်- ကြည်း – ငြိမ်း ) ဖြစ်ပြီး၊ အထွေထွေအတွင်းရေးမှူး ကတော့ ဦးသန်းတင် ( ဒု-၀န်ကြီးချုပ် ( အရေးပေါ် – ၈၈ )၊ စစ်ဆင်ရေးအပြီး စစ်ဆင်ရေးစာအုပ်ဖြင့် ၂၀၀၄ခုနှစ် အမျိုးသားစာပေဆုရ ) ဖြစ်သည်။ နိုင်ငံရေး အတွေ့အကြုံများနှင့် အရည်အချင်းများသည် အားရဖွယ်ဖြစ်သော်လည်း အသက်အရွယ်အားဖြင့် ၁၉၂၆ ခုနှစ်ဖွားများဖြစ်သောကြောင့် ကြီးမြင့်နေပေသည်။ ပါတီဝင် အင်အား ၅ သိန်းခန့်ရှိပြီး ရန်ကုန် ရွှေတောင်ကြားတွင် ပါတီရုံးချုပ်တည်ရှိသည်။ ၉၀ ပြည့်ရွေးကောက်ပွဲတုန်းက အရှုံးကြီး ရှုံးခဲ့ရပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိတယ်လို့ မျှော်လင့်တွက်ဆထားတဲ့ပါတီဖြစ်သည်။

( ၂ ) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) သည် ရှစ်လေးလုံးအရေးအခင်းပြီး ပေါ်ပေါက်လာသော ပါတီဖြစ်ပြီး ၉၀ ရွေးကောက်ပွဲကတည်းက ပါဝင်တည်ရှိပြီး ဖျက်သိမ်းခြင်းမခံရပဲ ကျန်ရှိနေသော ပါတီဟောင်းဖြစ်သည်။ ၂၀၁၀ ဧပြီလတွင် အသစ်တဖန်မှတ်ပုံတင်ခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် အဦးဆုံးမှတ်ပုံတင်ခွင့်ပြု ကြော်ငြာပေးခံရပြီး ပါတီမှတ်ပုံတင် အမှတ်မှာ နံပါတ် ၁ ဖြစ်သည်။ ပါတီဥက္ကဌအဖြစ် ဦးစံသာအောင်၊ အတွင်းရေးမှူး ဦးလာဘွေတို့ ခေါင်းဆောင်းပြီး ရခိုင်ပြည်နယ်မှာ အခြေစိုက်သည့် ပါတီဖြစ်သည်။

(၃) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ သည်လည်း ၉၀ ရွေးကောက်ပွဲပြီးကတည်းက ကျန်ရှိသည့် ပါတီဖြစ်ပြီး ၂၀၁၀ ဧပြီလတွင်မှ အသစ်တဖန်မှတ်ပုံတင်ပြီး ပါတီမှတ်ပုံတင်အမှတ်မှာ ၃ ဖြစ်သည်။ ဦးကျားဟာရှဲ၊ဦးယောသပ်တို့က ခေါင်းဆောင်ဖွဲ့စည်းထားပြီး ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် ပါတီငယ်တခုဖြစ်ကာ ပါတီဌာနချုပ်မှာ လာရှိုးမြို့တွင် တည်ရှိသည်။

( ၄ ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ သည် ရှစ်လေးလုံးအပြီးပေါ်ပေါက်လာသော ပါတီဖြစ်ပြီ ၉၀ ရွေးကောက်ပွဲပြီးကတည်းက ဖျက်သိမ်းခံရခြင်းမရှိပဲ ယခုတဖန် ပြန်လည်အသစ်ဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ပါတီမှတ်ပုံတင်အမှတ်မှာ ၄ ဖြစ်ပြီး ပါတီဌာနချုပ်မှာ ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့တွင်တည်ရှိသည်။

( ၅ ) ၈၈-မျိုးဆက် ကျောင်းသားလူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ) သည် ရှစ်လေးလုံးအရေးအခင်းတွင် ရှေ့တန်းကပေါ်ထွက်ခဲ့သော ကျောင်းသာခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ကိုကိုကြီးတို့ ၂၀၀၆ ခုနှစ်လောက်က စခဲ့သည့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဆင်တူယိုးမှားပြုလုပ်ပြီး ၈၈-မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့အဖြစ် အေးလွင်က ခေါင်းဆောင်ဖွဲ့စည်းခဲ့သည်။ မင်းကိုနိုင်၊ကိုကိုကြီးတို့ တည်ထောင်သည့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သောအဖွဲ့ဖြစ်ပြီး အေးလွင်တည်ထောင်သည့် ၈၈-မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့သည် စစ်အစိုးရအလိုကျ လှုပ်ရှားဖော်ပြသဖြင့် နာမည်ချင်းတူသော်လည်း နိုင်ငံရေးရပ်တည်ချက် အတော်ကွဲပြားခဲ့သည်။ အေးလွင်သည် ပါတီကိုတည်ထောင်ပြီး နောက်တပါတီဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကို တည်ထောင်သောအခါ ညီဖြစ်သူ ရဲထွန်းနှင့် (၂၇) ဦးအဖွဲ့အား ဦးဆောင်ဖွဲ့စည်းစေခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ကို အဦးဆုံးလျှောက်လွှာတင်ခဲ့သည်။ အေးလွင်သည် ပါတီနာမည်တူထူထောင်ရုံမျှမက တရားဝင်ပါတီဖြစ်လာသောအခါ ပါတီအလံနှင့် တံဆိပ်တုံးများကို သမိုင်းဝင်ကျောင်းသားသမဂ္ဂအလံ ခွပ်ဒေါင်းအလံနှင့် သမိုင်းဝင် ဘီအိုင်အေ အမှတ်တံဆိပ်ဒေါင်းတံဆိပ်တို့ကို ဆင်တူယိုးမှား ပြုလုပ်သောကြောင့် စာရေးဆရာ ဒဂုန်တာရာ၊လူထုစိန်ဝင်း၊မောင်မိုးသူတိုလို့ စာရေးဆရာကြီးများအပါဝင် စာပေအနုပညာရှင် (၉၀)ကျော်နှင့် ဗကသ၊ တကသ များ ပြည်တွင်းပြည်ပ ကျောင်းသားအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကို ခံခဲ့ရပြီး အလံနှင့်တံဆိပ်တုံးသုံးစွဲမှုကို နောက်ဆုံး ဖျက်သိမ်းပြောင်းလဲပေးခဲ့ရသည်။

( ၆ ) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် သည် ၈၈-မျိုးဆက်ကျောင်းသားလူငယ်များ အဖွဲ့ကို ညီဖြစ်သူ ရဲထွန်းအား ဥက္ကဌအဖြစ်လွှဲပေးခဲ့ပြီး ၊ အပေါင်းအပါ ( ၂၈ )နှင့် အေးလွင် ဥက္ကဌအဖြစ်တည်ထောင်သော ပါတီဖြစ်သည်။ ပါတီရုံးစိုက်ရာမှာ ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ပုလဲကွန်ဒိုမီနီယံဖြစ်ပြီး ပါတီဝင်အင်အား ၁ သိန်းခွဲ ရှိသည်ဟု အေးလွင်က အဆိုရှိပါသည်။

( ၇ ) ဒီမိုကရက်တစ်ပါတီ(မြန်မာ) သည် ဦးသုဝေ – ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ယခင်ဝန်ကြီးချုပ်ဟောင်းများရဲ့ သမီးများဖြစ်ကြသည့် ဒေါ်သန်းသန်းနု ( ဦးနု သမီး) ၊ဒေါ်ချိုချိုကျော်ငြိမ်း ( ကျော်ငြိမ်း သမီး) နှင့် ဒေါ်နေရီဗဆွေ (ကျားကြီးဗဆွေ သမီး ) တို့အပါအ၀င် စုစုပေါင်း ( ၂၁ ) ဦးနှင့်ဖွဲ့စည်းထားသည်။ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေသည် စစ်အစိုးရဟာ စစ်တပ်ပီပီ စနစ်တကျနောက်ဆုတ်ပေးနေတာဖြစ်ပြီး ၊ ယခုလိုရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းသည် ကောင်းသောအလားအလာဖြစ်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ အပေါ်အကောင်းမြင်သဘော စိုက်ထူးထားသူဖြစ်သည်။
ပါတီမှတ်ပုံတင် အမှတ်မှာ ၆ ဖြစ်ပြီး ပါတီဌာနချုပ်ကို ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။

( ၈ ) ကရင်ပြည့်သူပါတီ ကို ဥက္ကဌ ဦးထွန်းအောင်မြင့် အပါအ၀င် အဖွဲ့ဝင် ( ၁၆ ) ဦးဖြင့်ဖွဲ့စည်းထားသည်။ ဒုဥက္ကဌ-၁ ဒေါက်တာစောစိုင်းမွန်သာ၊ ဒုဥက္ကဌ-၂ စောအေးကို၊ ဒုဥက္ကဌ-၃ ကက်နက်ဝေသော်၊ အထွေထွေအတွင်းရေးမှုး စောစေးဝါးတို့ဖြင့် ဦးဆောင်ပြီး ပါတီဌာနချုပ်တည်ရှိရာမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင်ဖြစ်သည်။ ကရင်အမျိုးသားများ အများအပြားရှိရာ ကရင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းတို့တွင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

( ၉ ) အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ကို ဦးတင်ထွန်းမောင် အပါအ၀င် (၁၅)ဦးနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဦးတင်ထွန်းမောင်၊ဦးကြည်ဝင် စသော ခေါင်းဆောင်များသည် ယခင် NLD အဖွဲ့ဝင်ဟောင်းနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီး NLD အဖွဲ့ချုပ်နှင့် သဘောထားကွဲလွဲမှုကြောင့် ၁၉၉၉ ခုနှစ်ကတည်းကNLD အဖွဲ့ချုပ်မှထုတ်ပယ်ခြင်း ခံရသူများဖြစ်ပြီး စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆက်လက်တက်ရောက်ခဲ့သူများဖြစ်သည်။ NLD အဖွဲ့ချုပ်မှ ထုတ်ပယ်ခံထားရသူများစုစည်းထားသော တခြားသောအစုအဖွဲ့ ( ဥပမာ- ၀ံသာနု NLD ) ကဲ့သို့ ဒေသအသီးသီးက အဖွဲ့များစုပေါင်းပြီး အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်အဖြစ် လှုပ်ရှားခြင်းဖြစ်သည်။ တရားဝင်ပါတီ မှတ်ပုံတင်ခွင့် မရှိခင်တုန်းက အစုအဖွဲ့ ၉ ဖွဲ့လောက်စုစည်းနိုင်ခဲ့သော်လည်း တရားဝင် ပါတီမှတ်ပုံတင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်တွင် ၄ ဖွဲ့က သီးခြားနိုင်ငံရေးပါတီများအဖြစ်ခွဲထွက်သွားသောကြောင့် ကျန်အစုများနှင့် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ဖြစ်သည်။ ပါတီဌာနချုပ်တည်ရှိရာမှာ ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်ဖြစ်ပါသည်။

( ၁၀ ) ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် သည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ပြောင်းလဲဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းတခု ဖြစ်သည်။ ပအို့ဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ အပစ်အခတ်ရပ်စဲရေးမှ ဦးစံလွင်အပါအ၀င် ၁၅ဦးနှင့်ဖွဲ့စည်းထားပြီး တရားဝင်ပါတီ မှတ်ပုံတင်ထားပြီး ပါတီမှတ်ပုံတင်အမှတ်ကတော့ ၅ ဖြစ်သည်။ ပအို့ဝ်ဒေသတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ပြီး ပါတီဌာနချုပ်တည်ရှိရာမှာ ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ဈေးပိုင်းရပ်ဖြစ်သည်။

ဖိုးသူတော်
၆.၁၁.၂၀၁၀
ဆက်လက်ဖော်ပြသွားပါမည်။

စာကိုး – ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)

>ရာသီစာ ပါတီများအကြောင်း တစေ့တစောင်း

မဲပေးဖို့ နီးကပ်လာသည်နှင့်အမျှ လက်လှမ်းမှီသလောက် နိုင်ငံရေးပါတီများကို လေ့လာကြည့်မိသည်။ လေ့လာမိသလောက် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းသည့်ပါတီများတွင် ပါတီအဟောင်းများနှင့် ပါတီအသစ်များဆိုပြီး တွေ့ရသည်။

ပါတီအဟောင်းများမှာ -

(၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ( National Unity Party – NUP )

(၂) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) ( The Mro or Khami National Solidarity Organization –MKNSO)

(၃) လားဟူ အမျိုးသားဖွင့်ဖြိုးတိုးတက်ရေးပါတီ ( The Lahu National Development Party – LNDP)

(၄) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ (Kokang Democracy and Unity Party – KDUP) တို့ဖြစ်ကြသည်။

ပါတီအသစ်များမှာ –

(၁) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် The Pa-O National Organization(PNO)

(၂) ဒီမိုကရက်တစ်ပါတီ(မြန်မာ) The Democratic Party (Myanmar)

(၃) ကယန်းအမျိုးသားပါတီ The Kayan National Party

(၄) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ The Rakhine State National Force of Myanmar

(၅) ကရင်ပြည်သူ့ပါတီ The Kayin People’s Party

(၆) ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ The “Wa” National Unity Party

(၇) တအောင်း(ပလောင်)အမျိုးသားပါတီ The Taaung (Palaung) National Party

(၈) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party

(၉) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ The Democracy and Peace Party

(၁၀) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ The Shan Nationalities Democratic Party

(၁၁) ညီညွတ်သောဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)

(၁၂) ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) The 88 Generation Student Youths(Union Of Myanmar)

(၁၃) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics

(၁၄) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် The National Political Alliance League

(၁၅) ချင်းအမျိုးသားပါတီ The Chin National Party

(၁၆) ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) The Wunthanu NLD (the Union of Myanmar)

(၁၇) ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party

(၁၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party

(၁၉) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party

(၂၀) ချင်းတိုးတက်ရေးပါတီ The Chin Progressive Party

(၂၁) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Inn National Development Party

(၂၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ The Rakhine Nationalities Development Party

(၂၃) ‘ဝ’ ဒီမိုကရက်တစ်ပါတီ The Wa Democratic Party

(၂၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ The Phalon Sawaw Democratic Party

(၂၅) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development

(၂၆) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party

(၂၇) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party

(၂၈) ကမန်အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party

(၂၉) ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Khami National Development Party

(၃၀) အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force

(၃၁) စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)

(၃၂) ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ

(၃၃) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ တို့ဖြစ်ကြသည်။

ပါတီများကို လေ့လာရာတွင် ပါတီဥက္ကဌ၊ အထွေအထွေအတွင်းရေးမှူး၊ ဒုဥက္ကဌအစရှိသည်ဖြင့် လေ့လာကြည့်မိသည်။ ပါတီ၏ ရည်ရွယ်ချက်၊ အနေအထားနှင့် လုပ်ဆောင်ခဲ့ဖူးသည့် အတွေ့အကြံများကိုလည်း တစေ့တစောင်း ကြည့်မိသည်။ အားရသည့်ပါတီဟူ၍လည်း မယ်မယ်ရရမတွေ့ရသေးပါ။ ကျတော်၏ တသီးပုဂ္ဂုလ အမြင်ကြောင့်ပင် ဖြစ်ပါသည်။ မယ်မယ်ရရ အားရသည်မရှိဆိုသည်ကို ရှင်းပြပါအံ့။ ပထမဦးဆုံးအနေဖြင့် ပါတီများကို ကြည့်မိသည်။ ၄ ပါတီသာ အဟောင်းဖြစ်သည်။ ကျန်သည့် ၃၃ ပါတီသည်အသစ်သော်လည်းကောင်း ၊ ခါတောင်မှီသော်လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားသူသည်များဖြစ်သည်။ ဖွဲ့စည်းတည်ထောင်သူများသည် နိုင်ငံရေးအနေဖြင့် ပြောပလောက်သည့်ဇကလေးများကိုမူမတွေ့ရချေ။ သို့သော်လည်း တမျိုးတမယ်ပြောင်းလဲဖို့ အတွက်လုပ်ချင်ကိုင်ချင်စိတ်ကလေးများတော့ ရှိကြသည်ကိုတော့ တွေ့ရသည်။ ကျတော်တို့ပြည်သူလူထုအနေဖြင့်လည်း ပါတီများနှင့်ပါတီဝင်အကြီးအကဲဆိုသူများကို စောင့်ကြည့်လေ့လာရန် အချိန်ကလည်း များများစားစားရသည် မဟုတ်သောကြောင့် တက်နိုင်သမျှသူတို့ အကြောင်းရေးသားဖော်ပြထားသော စာအုပ်၊စာတန်းများနှင့် အင်တာနက်စာမျက်နှာများမှ လေ့လာမိသည်။ လေ့လာမိသလောက်တော့ သူလိုကိုယ်လို နိုင်ငံသားအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်သာပင်ဖြစ်သည်။

ပါတီများမှ အကြီးအကဲပိုင်းများကို ကြည့်ပြန်တော့လည်း တစညမှ ဘဘကြီးများကို လေးစာမိပြန်သော်လည်း အသက်အရွယ်မှာ ၈၀ ကျော်နေ၍ အိုမင်းမစွမ်းအရွယ် ရောက်လို့နေသည်။ နိုင်ငံရေးအတွေ့အကြုံများကို ဘာမျှပြောစရာမရှိပါသော်ငြား ဇရာဆိုသည့်အရွယ်ကြောင့် ဘဘကြီးများ၏ ဆောင်ရွက်နိုင်မှုကို သံသယမဖြစ်မိတောင် နောက်ပါလူငယ်များ မလိုက်နိုင်ဖြစ်မလား စိုးရိမ်မိပါသည်။ ကျန်ပါတီများမှ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ရန် အသက်အရွယ် (၄၅နှစ်) ပြည့်မှီသူများသည်လည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ချေ အနည်းအကျဉ်းသာ ရှိပေလိမ့်မည်။ အကြောင်းသော် နိုင်ငံတော် သမ္မတရာထူးအတွက် အရည်အချင်းများသည် များပြားနေသည်။

ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ နိုင်ငံရေးဇာတ်မင်းသားကြီးများ၏ မျိုးဆက်သစ်များအားလည်း ယခုရွေးကောက်ပွဲတွင် ပေါ်ပေါ်ထင်ထင်မြင်တွေ့လာရသည်။ ထိုပုဂ္ဂိုလ်များသည်လည်း နိုင်ငံရေးမျိုးဆက်သစ်များပီပီ မည်သို့ ထင်ထင်လင်းလင်း ဆောင်ရွက်မည်ကို ကြည့်ရမည့် တာဝန်ရှိသည်။ ကျန်သူများသည် အသက်အရွယ်ငယ်ရွယ်သူများ ( ၄၅ ) နှစ်အောက်နှင့် နိုင်ငံရေးအပါးမ၀သေးသူများသာ ကျန်တော့သည်။ နိုင်ငံတော်ကို ဦးဆောင်မည့်၊ နိုင်ငံအရေးကို အကျယ်တ၀င့် ဆွေးနွေးတင်ပြပြောဆိုမည့် ပြည်သူလူထုရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သူ အတန်းအစားများကို ပညာတတ်၍ သစ္စာတရားကို နားလည်သည့်သူများဖြစ်စေချင်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဂီတအနုပညာကို နားလည်ခံစားနိုင်သူများဖြစ်စေချင်သည်။ ငြိမ်းချမ်းရေးနှင့် လူတန်းစားအဆင့်အတန်း ပြဿနာများကို ကြားနာခံစားနားလည်နိုင်စွမ်းရှိသူများ ဖြစ်စေချင်သည်။အသံဩဇာနှင့်ပြည့်စုံ၍ ဥပဓိရုပ်ကောင်းသူများ ဖြစ်စေချင်ပါသည်။ ဤအရာများသည် ကျတော်၏ ဖြစ်စေချင်သည့် ဆန္ဒနှင့် ဖြစ်လာရမည့်သဘောများကို တင်ပြခြင်းဖြစ်သည်။

ကျတော် ၂၀၁၀ ဇန်န၀ါရီလ ယူတိုးပီယားအိပ်မက် အမည်နှင့် ၀တ္ထူတိုလေး တပုဒ်ရေးခဲ့ဘူးသည်။ ကျတော့် စိတ်ကူးနှင့် အမြင်များအား ထိုအထဲတွင်တွေ့နိုင်သည်။ ကျတော်တို့ နိုင်ငံကို ပညာရေးဖြင့် ပြောင်းလဲမည်ဟု ဆန္ဒရှိသူများသည် ပညာနှင့်ဆက်နွယ်သည့် အတတ်ပညာများကို ကျနစွာတတ်မြောက်ထားပြီးမှ ထိုပြောင်းလဲရေးများကို ကိုယ်တိုင်မှ စ၍ တိုင်းပြည်အ၀ှမ်းပြောင်းလဲ နိုင်မည့်ဟုယူဆပါသည်။ စောဒက တက်လိုက တက်နိုင်သည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိသာရေးခြင်းဖြစ်သည်။

ကျတော် နိုင်ငံရေးပါတီများမှ အကြီးအကဲများကိုလူတိုင်းစေ့နီးပါး မလေ့လာနိုင်တော့သော်လည်း ပါတီ ၃၇ ပါတီအား အကျဉ်းဖျဉ်းသဘောလေ့လာထားမိပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအရ နိုင်ငံရေးပါတီ အမြောက်အများထွက်ပေါ်လာသော်လည်း ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ကျန်ခဲ့သည်မှာ ၁၀ ပါတီသာ ရှိပါတော့သည်။ ထိုပါတီ ၁၀ ခုအနက် ၅ ပါတီသာလျှင် လက်ရှိစစ်အစိုးရ၏ ( ၈-၃-၂၀၁၀)မှာ ထုတ်ပြန်ကြော်ငြာသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ ၊ ရက်ပေါင်း ၆၀ အတွင်း အသစ်ပြန်လည်မှတ်ပုံတင်ခဲ့ကြသည်။ နိုင်ငံရေးပါတီဟောင်း ၅ ခုတွင် ၁ ပါတီဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ကျန်နိုင်ငံရေးပါတီသစ်များသည်လည်း ပေါ်ထွက်လာပြီး နအဖ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဟု ကြိုတင်ခံဝန်ချက် လက်မှတ်ရေးထိုးကာ စစ်အစိုးရက ဦးဆောင်ကျင်းပပေးမည့် ၂၀၁၀ပြည့်နှစ် – ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တာစူလျှက်ရှိကြသည်။

မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲသည် နီးကပ်လာပြီး ပြည်သူပြည်သားအတော်များများသည် ဆန္ဒမဲများကို ပေးရတော့မည်ဖြစ်သည်။ ပေးချင်သူများရှိသည်၊ မပေးချင်သူများရှိသည်၊ ယောင်ဝါးဝါးလူများရှိသည်။ ပြည်သူပြည်သားများ အနေဖြင့် လုပ်သင့်လုပ်ထိုက်သည် ချင့်ချိန်နှိုင်းဆကာ ပြုမှုနိုင်ကြလိမ့်မည်ဟု့ မျှော်လင့်ပါသည်။

ဖိုးသူတော်
၅.၁၁.၂၀၁၀
၁၉နာရီ၃၈ မိနစ်

စာကိုး – ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ – ၂၀၀၈
- http://www.myanmarelection2010.info

>

စက်တင်ဘာညနေခင်း၊သူနှင့် မိုးစက်ပွင့်လေးများ

မိုးသားကင်းစင်သော ညနေခင်းတခုမဟုတ်ခဲ့ပါ။ မုတ်သုန်နှောင်း၏ အကြွင်းအကျန် မိုးသားမိုးလိပ်တို့ ကောင်းကင်တခွင် ပြန့်ကြဲနေကြသည်။ လေသည် လူ့စိတ်ကို လန်းဆန်းအောင် လတ်လတ်ဆတ်ဆတ် တိုက်ခက်လျက်ရှိသည်။ လေထဲမှ မိုးငွေ့မိုးရနံ့လေးများ ခံစားသိရှိရသည်။ နာရီကို ကြည့်လိုက်တော့ ညနေလေးနာရီ စွန်းစွန်းရှိနေပြီ။ ချိန်းထားသည်မှာ ညနေ ၅ နာရီ မထိုးခင်ဖြစ်သဖြင့် ခုချိန်သွားလျှင်ဖြင့် ကွက်တိလောက်ကြမည်ဖြစ်သည်။ သူသည် ရေညှိများတက်နေသော ပလက်ဖောင်းပေါ်တွင် အလိုက်သင့် လမ်းလျှောက်ရင်းဖြင့် ပတ်ဝန်းကျင်၏ လတ်ဆတ်သာယာအေးမြမှုကို ခံစားကာ သီချင်းတိုးတိုးညည်းရင်း လျှောက်လာနေသည်။

ဘက်စ်ကားဂိတ်မရောက်သည်မှာ ၄ လခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အရာအားလုံးက ပုံမှန်အတိုင်းပင်ရှိသည်။ ထုံးစံအတိုင်း ခပ်နွမ်းနွမ်း အဲယားကွန်ဘက်စ်ဟု အမည်တပ်ထားသော ပြတင်းပေါက်အားလုံးဖွင့် ကားကြီးတစီး ကားဂိတ်သို့ ရောက်လာသည်။ အသာပင်တက်လိုက်ပြီး အနောက်ဘက်ဆုံး ထိုင်ခုံတွင် ထိုင်ကာ သက်တောင့်သက်သာ လိုက်ပါခဲ့သည်။ မိုးရာသီဖြစ်သောကြောင့် ပတ်ဝန်းကျင်သည် စွတ်စိုတောက်ပြောင်စိမ်းလွင်လျက် ရှိသည်။ သူ ဘက်စ်ကား စီသည့် ကားဂိတ်မှ သွားမည့် မှတ်တိုင်ထိက အနည်းလေး နာရီဝက်ကျော်ကျော် လောက် ကားစီးရမည် ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို စိတ်ဝင်တစားကြည့်ကာ လိုက်ပါနိုင်သည်။ တကယ်တော့လည်း စိတ်ဝင်တစားကြည့်စရာ ဘာမှ မရှိပါသော်လည်း (မြင်နေကျမြင်ကွင်းများသာ) စကားပြောဖော် တယောက်တလေ မရှိသည့်အတွက် ထိုမြင်ကွင်း များကိုပင် အသစ်အဆန်းသဖွယ် ကြည့်ရှု့ကာ နေရတော့သည်။

ကြော်ငြာဆိုင်းဘုဒ်များမှ မင်းသမီးခပ်ကျကျ ခပ်၀၀ ၏ နန်းဆန်ဆန်ပြုံးတုန်းတုန်းကြည့်နေဟန် ၊ ခပ်ငယ်ငယ် မော်ဒယ်မလေး၏ ဒေါင့်မြင့်ဖိနပ်ကြော်ငြာကြောင့် လှနေသောအနောက်ပိုင်း ကောက်ကြောင်း စသည်တို့ကို စိတ်ဝင်စားဖွယ်မဟုတ် စိတ်ဝင်တစားကြည့်နေမိသည်။ ဒီလိုနှင့် ဆင်းရမည့် မှတ်တိုင်နားရောက်တော့ မိုးက ခပ်ဖွဲဖွဲ ရွာလာပါသည်။ တော်သေးသည်။ ကိုင်နေကြထီးခပ်နွမ်းနွမ်း ပါလာလို့ အဆင်ပြေသွားသည်။ အပြင်သွားလျှင် တအုပ်မဟုတ် တအုပ်ယူလာတက်သော စာအုပ်တအုပ်ကို ကိုင်ကာ ထီးဖွင့်ဆောင်းရင်း ခပ်အေးအေးပင် လျှောက်လာခဲ့သည်။ ချိန်းထားသည့် နေရာရောက်တော့ ညနေ ၄ နာရီ ၅၀ တိတိ။ ကိုယ့်ဟာကို ပြုံးမိသည်။ ဘာလို့ ခုလိုအချိန်က အတိအကျ ဖြစ်နေရလည်း မသိပေ။

ချိန်းထားသည့် သူမ မရောက်သေးသည့်အတွက် ထုံးစံအတိုင်း ကော်ဖီတခွက် မှာသောက်ကာ ယူလာသော စာအုပ်ကို ဖတ်နေသည်။ စာအုပ်သည် ၀ယ်ထားတာကြာပြီ ဖြစ်သော်လည်း သေချာ မဖတ်ရသေးသော စာအုပ်ဖြစ်သည်။ အယ်ဒီတာများ နှင့်တွေ့ဆုံခြင်းစာအုပ်ဖြစ်သည်။ ဖတ်၍ အတော်ကောင်းသည်။ ယနေ့ခေတ် မြန်မာမဂ္ဂဇင်း လောကမှ နာမည်ကြီး အယ်ဒီတာများနှင့် တွေ့ဆုံ၍ စာပေအကြောင်း၊အယ်ဒီတာကျင့်ဝတ် အစရှိသည်တို့ကို ပညာသားပါပါ မေးမြန်ပြီး အယ်ဒီတာဆရာများက ပညာသာပါပါဖြေကြားထားသော စာအုပ်ဖြစ်သည်။ မောင်သွေးသစ်တို့ မောင်တည်ငြိမ်တို့ ကောက်နွယ်(ကနောင်) တို့ပါသည်။  ဖတ်၍ စိတ်ဝင်စားဖွယ် များပါသည်။

မောင်သွေးသစ်၏ ကဗျာအပေါ် ကဗျာဆရာတယောက်အနေဖြင့် ဖွင့်ဆိုချက်ကို သဘောကျမိသည်။ ကော်ဖီ တ၀က်ကျိုးသွားပြီ။ အချိန်က ၁၅ မိနစ်ကျော် ကြာသွားပြီ။ သူမ ရောက်မလာသေး။ ခံတွင်းချဉ်လာသဖြင့် စီးကရက်တလိပ် ဖွာမိသည်။ စီးကရက် မီးညှိပြီးကာမှ ဘေးဘီကို အားနာသလို ဖြစ်သွားသော်လည်း ကိုယ့်ရှေ့ဝိုင်းမှာ ထိုင်နေသည့် ငနဲက အမျိုးသမီးတယောက်နှင့် စကားပြောရင်း စီးကရက်တဖွာဖွာ လုပ်နေသောကြောင့် သက်သာရာ ရသွားသည်။ စီကရက်တလိပ်ကုန်လေသည်။ ကော်ဖီ တငုံစာမျှကျန်တော့သည်။ အယ်ဒီတာ သုံးယောက်လောက် အကြာင်း ဖတ်ပြီးသွားသည်။ သူမ ရောက်မလာသေး။

မျက်လုံးသည် စာအုပ်ကို အတော်ကြာဖတ်နေသဖြင့် အဝေးသို့လှမ်းကြည့်သောအခါ သဲကွဲစွာမမြင်ရပေ။ အပြင်ဘက်တွင် မိုးက ခပ်မှောင်မှောင် သည်းသည်းရွာနေဟန်တူသည်။ မိုးသံကိုကား မကြားရပေ။ ဖြတ်သန်းသွားနေသော လူများ ထီးဆောင်းနေသောကြောင့်နှင့် ရုတ်တရက်အပြင်တွင်မှောင်နေသောကြောင့်သာ တွေးမိသည်။ ဆိုင်ကောင်တာကို ကြည့်လိုက်တော့ အမျိုးသမီးတယောက်နှင့် ကောင်တာက ကောင်မလေး စကားပြောနေသည်။ ရုတ်တရက်ဆိုတော့ သူမ များလားဟု ထင်လိုက်မိသည်။ ကိုယ့်မျက်လုံးလဲ ကိုယ်အပြစ်တင်မိသည်။ ဒီလောက်တောင် သဲကွဲအောင် မမြင်ရပေဘူးလား။ အသွင်ဟန်ပန်သည် အတော်ကိုတူသည်။ ဒါမှမဟုတ် ကိုယ်မြင်ချင်သည့်ဟာကို ဦးနှောက်က သိနေသဖြင့် မျက်စိအမြင်တွင် တမင် လာထင်ဟပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကော်ဖီတခွက်ကာ ကုန်လေသည်။ ရေနွေးလည်း ၇ ခွက်လောက် သောက်ပြီးဖြစ်သည်။ စီးကရက်တလိပ် ထပ်ဖွာရှိုက်သည်။ နာရီလက်တံများက ၆ နာရီကို ရောက်ဖို့ အနည်းငယ်သာလိုတော့သည်။ သူတို့ဟာသူတို့ တရွေ့ရွေ့ သွားနေသည်။ သူမကာ ရောက်မလာသေးပေ။ သေချာပါပြီ.. ချိန်းတဲ့ အချိန်နောက် မိနစ် ၅၀ လောက်ကျသွားနေပြီဖြစ်သည်။ မိုးကလည်း ခပ်စိတ်စိတ်လေး ရွာနေသည်။ တကယ်တော့ ရာသီဥတုက လန်းဆန်းနေပေသည်။ သူ၏ စိတ်တွင်တော့ ထင်သလောက် မလန်းပေ။ ဆိုင်မှ ထွက်ကာ လမ်းပေါ်ရောက်လာသည်။ ထီးဖွင့်ဆောင်းကာ ခပ်အေးအေးပင် လမ်းလျှောက်နေလိုက်သည်။ စိတ်ထဲတွင်တော့ သူမ ထီးမှ ပါ ပါလေလားဟု တွေးနေမိသည်။

ညနေခင်း၏ မိုးဖွဲဖွဲအောက်မှာ ပျားပန်းခက်သွားလာနေသော သူများကို အမှတ်မဲငေးမောကြည့်နေမိသည်။ သူမကို ယောင်ရမ်းပြီးများ
တွေ့လိုက်လေမလားဟု စိတ်ထဲက ဖြစ်နေသည်။ ပြည်လမ်းမကြီးသည် နက်ပြောင်တင်းမာနေသည်။ ကားများသည်လည်း အလျင်မလိုဟန် ခပ်ဖြေးဖြးသွားနေကြသည်။ သူသည်လည်း ခပ်နှေးနှေးသာ လျှောက်နေသည်။ မိုးစက်များသည် တစက်စက်နှင့် တံစက်မြိတ်တခုအောက်မှ ကျနေသည်။ လေသည် ခပ်ကြမ်းကြမ်း တချက် မွှေ့လိုက်သည်။ မိုးစက်မှုံမွှားလေးများ လွင့်စင်ထွက်သွားသည်။ သူသည် အိပ်တန်းပြန် ငှက်ကလေးများကို ငေးမောကြည့်နေမိသည်။ တကောင်၊ နှစ်ကောင်၊ သုံးလေးငါးကောင်။ ဟိုး အဝေးမှာ ကောင်ကင်ကြီးက ခပ်ညိုညို။ မိုးကာ စဲမည့်ပုံ မပေါ်တော့ပါ…။

ဖိုးသူတော် ( ၁၁.၉.၂၀၁၀)

>Happy Birthday !

မွေးနေ့မင်္ဂလာ

အခုအချိန် ၂၀ရက် ဩဂုတ်လ ၂၀၁၀ ခုနှစ် ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် အင်တာနက် အသုံးပြုနေရင်း သူငယ်ချင်းတစ်ယောက်၏ ဆော်ဩမှုကြောင့် ကျတော်သည် ကျတော်၏ ၀င်မရ၍ မ၀င်ပဲ ပစ်ထားရသလို ဖြစ်နေသော ဖုန်တက် ပင့်ကူမျှင်စွဲ နေသော ဘလော့ဂ်လေးအား အားရပါးရ ၀င်ကြည့်မိပြီး ၀င်၍ ရသောကြောင့် ၀မ်းသားပီတိ ဖြစ်စွာနှင့် ရေးသားလိုက်ပါသည်။

ဖိုးသူတော်
20.8.2010 ( 23:32)

၂၁ ရက် ဩဂုတ်လ ဆိုလျင်ဖြင့် ကျတော်၏ မွေးနေ့မင်္ဂလာအခါသမယ ဖြစ်ပါသည်။ ထူးခြားတိုက်ဆိုင်စွာ ဤကဲ့သို့ မွေးနေ့ပို့စ်လေးအား ရေးနိုင်လိုက်ခြင်းကို ၀မ်းသာမိပါသည်။ အားလုံးပဲ ကျတော်နဲ့တကွ နိုင်ငံသူနိုင်ငံသားပြည်သူပြည်သား အပေါင်းတို့ ကျန်းမာရွှင်လန်း လန်းဖြာနိုင်ကြပါစေလို့….. ဆုမွန်ကောင်းတောင်းအပ်ပါသည်..။


Happy Birthday Phoe Thu Taw !

>


အလိုင်နီဆည်သို့ အလှူတစ်ခေါက်
 မတ်လလောက်ကတည်းက မှန်းထားသော အလှူတစ်ခုဖြစ်သည်။ ဧပြီလတွင် သင်္ကြန်ပြီး အဆင်ပြေသော တစ်ရက်ရက်တွင် သွားမည်ဟု ကြိုတင်မှန်းဆထားသည်။ ဒါပေမဲ့ စာမေးပွဲ ဖြေရတာတစ်ကြောင်း၊ လက်တွဲလုပ်နေကြ သူငယ်ချင်းများ မအားတာတစ်ကြောင်း ကြောင့် ဖြစ်ဖြစ်မြောက်မြောက် မစီစဉ်လိုက်ရပါ။ စိတ်ကူးထဲ ထားရုံပဲရှိသေးသည်။ သို့ပေမဲ့ အလှူရှင် သူငယ်ချင်းများနှင့် အသိမိတ်ဆွေများ၏ ဆက်သွယ် လှူဒါန်းမှုများကြောင့် စီစဉ်ထားသော အစီအစဉ်သည် ရုပ်လုံးပေါ်လာသည်။ ပထမဦးစွာ အသိအန်တီကြီးတစ်ဦး၏ အလှူငွေ စတင်ရသည်။ ထို့နောက် သူငယ်ချင်း များ၏ အလှူငွေများ ရရှိပြီး သကာလ လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန် အဆင်သင့်ဖြစ်သည်နှင့် ဧပြီလ ၁၉ ရက်နေ့တွင် ပေးအပ်လှူဒါန်းမည့် ကျောင်းသုံးဗလာစာအုပ်များ၊ ဖတ်စာ စာအုပ်များ၊ ခဲတံ၊ခဲဖျက်နှင့် ဘောပင်အစရှိသည်တို့ ၀ယ်ဖြစ်သည်။
            သွားရောက်လှူဒါန်းမည့် နေရာမှာ ဟိုယခင်ကတည်းက အီးမေလ်းထဲသို့ ရောက်နေသော ပဲခူးတိုင်း အလိုင်နီဆည်ထိပ်ရှိ အမှတ်    ( ၅ ) အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပင်ဖြစ်သည်။ လိုအပ်ချက်များရှိနေသော ကျောင်းလေး တစ်ကျောင်းဖြစ်မည်ကို မြင်ရုံနဲ့ ခန့်မှန်းမိနိုင်ပါသည်။ ထိုကြောင့် ထိုကျောင်းကိုပင် သွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါသည်။ သွားရောက်ဖို့ရာအတွက်ကိုမူ ယခင်ယခင် သွားခဲ့ဘူးသော မေးလ်ပို့သော မိတ်ဆွေ တစ်ယောက်အားမေးမြန်းရပါသည်။ သူ၏ လမ်းကြောင်းညွှန်ချက်အရ သွားရောက်ခဲ့ပါသည်။ 

            ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သောကြောင့် အသိအန်တီကြီးမှ ကျောင်းထိုင် ဘုန်းကြီးအတွက် လှူဖွယ်ဝတ္ထူပစ္စည်းများကိုလည်းကောင်း၊ မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးမှ မင်္ဂလာဦးအလှူငွေများကိုလည်ကောင်း စာရေးကိရိယာများနှင့် အတူ ပေးလိုက်ပါသည်။ ထိုပြင် မြန်မာ့သစ်လုပ်ငန်း တညင်းကုန်းဝန်ထမ်းအိမ်ယာမှ မိသားစုများ၏ အလှူဖြစ်သည့် အ၀တ်အစားများမှာလည်း ဆာလာအိပ် ၂ အိပ်နှင့် အပြည့်ပါ ပါသေးသည်။ 
            သွားရောက်သည့် နေ့ ဧပြီလ ၂၀ ရက်နေ့တွင် ချိန်းဆိုထားသည့်အတိုင်း မနက် ၇ နာရီခွဲတွင် ကျတော့် ရုံးမှ ကားဖြင့်သွားပါသည်။ လိုက်ပါသည့် လူများမှာ များများစားစားမရှိပါ။ ကျတော်နှင့် သူငယ်ချင်း သုံးယောက် ပေါင်း လေးယောက်ဖြစ်ပါသည်။ လမ်းကြောင်းမှာ ရန်ကုန် – နေပြည်တော် မြို့ရှောင်လမ်းသစ်မှ သွားပါက မိုင်တိုင် ၁၅ ရောက်လျှင် ဘယ်ဘက်သို့ ကွေ့ရပါမည်။ သို့ရာတွင် ကွေ့ကြော မရှိသောကြောင့် မိုင်တိုင် ၁၅ကိုကျော်၍ နောက်ထပ် ၅ ဖာလုံထပ်သွားရပါသည်။ ထိုအခါ ကွေ့ကြောရောက်မှ ကွေ့ပြီး ရန်ကုန်- နေပြည်တော် လမ်းတံတားအောက်ကို ၀င်ပြီး လှေလှော်အင်း အကျဉ်းစခန်းကို ဖြတ်သန်းပြီး အလွန်ဖုန်ထူသော လမ်းအတိုင်း သွားရပါသည်။ အကျဉ်းစခန်း စစချင်းအ၀င်မှာတင် ခြေချုပ်တန်းလန်းနှင့် အကျဉ်းသမားများ အထုပ်များထမ်းနေသည်ကို နေပူပူအောက်တွင် တွေ့ရပါသည်။
            ထို့နောက်မှာတော့ လမ်းတစ်လျှောက် ဖုန်ထူထူ နေပူပူနှင့် မှန်းသန်းသွားရပါသည်။ တစ်ခါမျှ သွားဖူးသည့် နေရာမဟုတ်ပါ။ ထို့နောက် လမ်းတွင် ကြို့ကြားတွေ့ရသော လူများအား မေးရပါသည်။ ထိုသို့ မေးရင်းနှင့်ကို အလိုင်နီဆည်သို့ ၁ ၁/၂ မိုင်ဆိုသည့် ဆိုင်းဘုဒ်ကို ကျော်၍ ၃ မိုင်ခန့် ဆက်သွားမိသေးသည်။ ဆိုင်ကယ်သမား တစ်ဦး ကို မေးလိုက်ကာမှ လမ်းမှားမှန်းသိ၍ ပြန်ကွေ့ရပါသည်။ ဒီလိုနှင့် မနက် ၇ ခွဲက ထွက်ခဲ့သော ခရီးသည် ၁၀ နာရီခွဲလောက်တွင် ရောက်ပါသည်။
            ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော်က ကိုရင်ငယ်တစ်ပါး ကျောင်းတင်ဖို့ ကိစ္စနှင့် အပြင်သွားသည်ဆို၍ ကျောင်းရှိ ကျန်ဦးဇင်းများနှင့်သာ လာရောက်ခြင်း ကိစ္စနှင့် အလှူကိစ္စကို ပြောဆို ဆွေးနွေးပါသည်။ ထိုဦးဇင်းများမှာလည်း ကျောင်းထိုင်ကိုယ်တော်နှင့် ဘုန်းတော်ကြီးကျောင်းပညာရေး ၀ါသနာပါသူ စိတ်တူ ကိုယ်တူ သူငယ်ချင်း ကိုယ်တော်များဖြစ်ပါသည်။ ထို့နောက် ပြောဆိုစရာရှိသည်များ ပြောဆိုပြီး ဦးဇင်းများအား လှူဖွယ်ပစ္စည်းများ အရင်ကပ်လှူပါသည်။
            ထို့နောက်မှ ကျတော်တို့ လှူဒါန်းသော  ဗလာစာအုပ် ဒါဇင် ၁၆၀ ၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသုံးဖတ်စာအုပ်အစုံ ၁ စုံစီ၊ ခဲတံ ၁၉၂ ချောင်း ၊ ခဲဖျက် အတုံး ၉၀ ၊ ဘောပင် အနီ ၁၀ ချောင်း ၊ အ၀တ်အစားထုပ် ၂ ထုပ် စသည့်ပစ္စည်းများ ပေးအပ်လှူဒါန်းပါသည်။ ထို့ပြင် သူငယ်ချင်း မင်္ဂလာဦးဇနီးမောင်နှံ လှူဒါန်းသော မင်္ဂလာဦးအလှူငွေ ၊ အသိအန်တီကြီး၏ မိခင်အား ရည်စူး လှူဒါန်းသည့် အလှူငွေများ ပေးအပ်လှူဒါန်းပြီး လက်ခံရရှိသည့် ဦးဇင်းမှာ လှူဒါန်းရသည့် အကျိုးအလို့ငှာများအရ ဆုမွန်ကောင်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ပါသည်။
            ထို့နောက် ကျတော်တို့ သူငယ်ချင်း တစ်စု  ကျောင်းဝင်းအတွင်း လည့်ပတ်ကြည့်ရှုပြီး ကလေးများ စာသင်ကြားသည့် အဆောင်ကို လိုက်ကြည့်ပါသည်။ အဆောင်မှာ ဆောက်လက်စ ဖြစ်၍ ကြမ်းခင်း တမံတလင်းသာ ခင်းရပါသေးသည်။ ဘေးအတွက် အကာသေချာ မကာရသေးသည်ကို တွေ့ရပါသည်။ ကာမည့် အစီအစဉ် ရှိသည်ဟု့ပြောပါသည်။ ကျတော်မှ ဦးဇင်းများအား ကျောင်းတွင် ကိုယ်ပိုင် စီးပွားရေး ဖြစ်သော စိုက်ပျိုးရေး သို့မဟုတ် တစ်ခုခုအား လူအင်အားနိုင်ပါက လုပ်ကိုင်ကြည့်ပါရန်အကြံပေး ပြောကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျတော်တို့ ဘလော့ဂ်ကာ သူငယ်ချင်းများ၏ ကော့မှူးဘုန်းတော်ကြီး စာအုပ်အလှူတွင် ကျောင်းထိုင်ဆရာတော်သည် ကျောင်းအတွက် ၀င်ငွေရရှိစေရန် နဂါးမောက်သီးများအား မျိုးယူပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
            ယခုသွားသော အောင်သိဒ္ဓိကျောင်းသည် ပဲခူးတိုင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအချုပ်ကြီး၏ လက်အောင်ခံ ကျောင်းခွဲ ကလေးတစ်ခု ဖြစ်သောကြောင့် နိုင်ငံတော် အထောက်အပံ့မရရှိပါ။ အလှူရှင်များနှင့်သာ ရပ်တည်နေရသော ကျောင်းလေးဖြစ်သည်။ ကျောင်းရှိ ဦးဇင်းများနှင့် လိုအပ်သည်များ ဆွေးနွေးပြီး ကျောင်းထိပ်ရှိ အလိုင်နီဆည်ကြီးသို့ သွားရောက် လေ့လာကြည့်ရှု ဓါတ်ပုံများ ရိုက်ကြပါသည်။ မြင်ကွင်းနှင့် ပတ်ဝန်းကျင်မှာ သဟဇတမျှတမှုရှိပါသည်။ ထိုနေရာလေးသည် ရန်ကုန်နှင့်  မိုင်မည်မျှ မဝေးသော် သွားရလာရ ထောက်သည့်အတွက် လူသူအရောက်အပေါက်နည်းပါသည်။ လူသူအရောက်အပေါက် နည်းပါးသည့် လက္ခဏာဖြစ်သော လူသုံးပစ္စည်း အမှိုက် တစ်စတစ်လေ မျှပင်မတွေ့ရပါ။ နောက်ပြီး ထိုကျောင်းသို့ မိုးတွင်ဘက်တွင် သွားရခက်ခဲပါသည်။
            ကျတော် သွားရောက်လှူဒါန်းခဲ့သော ပစ္စည်းအရေအတွက်မှာ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် ကျောင်းသားစာရင်းအတိုင်း လှူဒါန်းခြင်းဖြစ်ပါသည်။ လာမည့်ကျောင်းဖွင့် ရာသီ ၂၀၁၀-၂၀၁၁ အတွက် စာရင်းမရှိသေးကြောင့် မလှူဖြစ်သေးပါ။ ထိုစာရင်း ရရှိပါက တစ်ခါ သွားရောက်လှူဒါန်းမည်ဟု့ မျှော်လင့်ထားပါသည်။ ကျောင်းသုံးစာရေးကိရိယာများအပြင် ကျောင်းသားများ စာသင်ကြားမည့်နေရာများအား မိုးလုံလေလုံဖြစ်အောင် လှူဒါန်းလိုသော စိတ်ဆန္ဒရှိပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားပြီး လှူဒါန်းလိုပါက ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဖိုးသူတော်
၂၁.၄.၂၀၁၀

၁၉ နာရီ ၃၀ မိနစ်

           
             

>

လောက်တွေ လုပ်ကြလေသည်.

မြန်မာမှုနယ်ပယ်မြန်မာ့စကားတွင် စိတ်ဆိုးသောအခါ သို့မဟုတ် အပြုအမှုတစ်ခုခု ယုတ်မာရိုင်းစိုင်းသောသူများကို ပြစ်ပြစ်နှစ်နှစ် ပြောဆိုလိုသောအခါ ခွေး သို့မဟုတ် နွားစသည့် သတ္တ၀ါများနှင့် ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ ပြန်စဉ်းစားကြည့်သော အခါတွင် အဆိုပါ ခွေး ၊ နွားများသည် သတ္တ၀ါ အနေဖြင့် နိမ့်ကျသည်မှန်သော်လည်း လူကို များစွာ အသုံးဝင် အကျိုးပေးသည့် တိရစ္ဆာန်များဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိတို့ ပြောလိုသော ယုတ်မာရိုင်းစိုင်းသော လူများကို ပြောဆိုလိုလျှင် ထိုသတ္တ၀ါ ခွေး၊ နွား များနှင့် ခိုင်းနှိုင်းပြောဆိုပါကာ ခွေး၊နွားများသည် အသုံးဝင်သောကြောင့် မနှိုင်းယှဉ်အပ်ပေ။ ခွေး၊ နွားများ နစ်နာသည်။
ယနေ့ ဧပြီလ ၁၅ ရက် မဟာသင်္ကြန် အကြပ်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန် ကန်တော်ကြီး ပတ်လမ်း ရှိ X2O ရေကစား မဏ္ဍပ်တွင် မသမာသူများ၏ လုပ်ကြံမှုကြောင်း ဗုံးသုံးလုံး ပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၈ ဦးသေ နှင့် ၇၀ ကျော် ဒါဏ်ရာ ရရှိထားကြောင့် လက်တစ်လော သတင်း ( 8:30 PM ) များအရ သိထားသည်။ ဤသို့ ရက်စက်ယုတ်မာမှုများကို လုပ်သော အဖျက်အမှောက်သမားများအား ခွေး၊ နွား သတ္တ၀ါများနှင့် ခိုင်းနှိုင်း ပြီး မပြောတော့ပဲ လောက် သတ္တ၀ါနှင့် သာ ပြောဆိုချင်ပါတော့သည်။
လောက်သည် သံသေဒဇ မည်သို့ မည်ပုံ ဖြစ်လာမှန်းမသိသော အကျိုးမပြု သည့် ရုပ်ညံ့သည့် သတ္တ၀ါ အကောင်မျိုးဖြစ်သည်။ ထိုသို့ ဘယ်က ဘယ်လို အခြေအမြစ်သေချာ မသိသော လောက်လို အကောင်မျိုးတွေက မိုက်မဲစွာ လုပ်ဆောင်ဗုံးထောင်သောကြောင့် ဤကဲ့သို့ မကြားဝံ့မနာသာ အဖြစ်မျိုးဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယင်းအကျိုးဆက်များသည် နိုင်ငံရေးကဏ္ဍများစွာနှင့်ပတ်သက်သည် မပတ်သက်သည်ထားဦး. နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာ ကျင်းပပြုလုပ်နေသော မြန်မာရိုးရာသင်္ကြန်ကို များစွာထိခိုင်နစ်နာသည်။ အပြစ်မဲ့ ပြည်သူများစွာ သေဆုံးစေသည်။ ထိခိုင်နာကျင် ဒါဏ်ရာရစေသည်။ နောက်လာမည့် အနာဂါတ်နှစ်များတွင် အဘယ်သော စိတ်လုံခြုံမှုမျိုးနှင့် ရေကစား နိုင်တော့မည်နည်း? မိဘပြည်သူအားလုံး၏ တစ်သက်နှင့်တစ်ကိုယ် မကြုံစဖူး အဖြစ်ဆိုးဖြစ်ပြီးနောက် အဘယ်မှာ သားသမီး မောင်ဘွားများကို ရေကစားစေပါတော့မည်နည်း။ အားလုံး အကျိုးဆက်၏ ပျက်စီး ဆုံးရှုံးမှုများသာ ဖြစ်စေတော့သည်။
ယင်းသို့ စကောလောက်မှ ဇောက်မနက် အသုံးမကျသည် အပြုအမှု အတွေးအခေါ်မျိုးနှင့် ဒီလို အကျိုးယုတ်သည့် အဖြစ်မျိုးကို ဖန်တီးသည့် သူများအား လောက်ကဲ့သို့ ချီးတွင်း သို့မဟုတ် အပုတ်အစပ်တွင်သာ ပျော်မွေ့နားလည် သည့်ဟု့ ယူဆကြောင့် ပြောလိုက်ရပါသည်။
ဖိုးသူတော်
၁၅.၄.၂၀၁၀
မဟာသင်္ကြန်အကြပ်နေ့
21:19:30
Photo Source : Nyi Lynn Seck

Follow

Get every new post delivered to your Inbox.