Category: အက်ဆေး


>

စက်တင်ဘာညနေခင်း၊သူနှင့် မိုးစက်ပွင့်လေးများ

မိုးသားကင်းစင်သော ညနေခင်းတခုမဟုတ်ခဲ့ပါ။ မုတ်သုန်နှောင်း၏ အကြွင်းအကျန် မိုးသားမိုးလိပ်တို့ ကောင်းကင်တခွင် ပြန့်ကြဲနေကြသည်။ လေသည် လူ့စိတ်ကို လန်းဆန်းအောင် လတ်လတ်ဆတ်ဆတ် တိုက်ခက်လျက်ရှိသည်။ လေထဲမှ မိုးငွေ့မိုးရနံ့လေးများ ခံစားသိရှိရသည်။ နာရီကို ကြည့်လိုက်တော့ ညနေလေးနာရီ စွန်းစွန်းရှိနေပြီ။ ချိန်းထားသည်မှာ ညနေ ၅ နာရီ မထိုးခင်ဖြစ်သဖြင့် ခုချိန်သွားလျှင်ဖြင့် ကွက်တိလောက်ကြမည်ဖြစ်သည်။ သူသည် ရေညှိများတက်နေသော ပလက်ဖောင်းပေါ်တွင် အလိုက်သင့် လမ်းလျှောက်ရင်းဖြင့် ပတ်ဝန်းကျင်၏ လတ်ဆတ်သာယာအေးမြမှုကို ခံစားကာ သီချင်းတိုးတိုးညည်းရင်း လျှောက်လာနေသည်။

ဘက်စ်ကားဂိတ်မရောက်သည်မှာ ၄ လခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အရာအားလုံးက ပုံမှန်အတိုင်းပင်ရှိသည်။ ထုံးစံအတိုင်း ခပ်နွမ်းနွမ်း အဲယားကွန်ဘက်စ်ဟု အမည်တပ်ထားသော ပြတင်းပေါက်အားလုံးဖွင့် ကားကြီးတစီး ကားဂိတ်သို့ ရောက်လာသည်။ အသာပင်တက်လိုက်ပြီး အနောက်ဘက်ဆုံး ထိုင်ခုံတွင် ထိုင်ကာ သက်တောင့်သက်သာ လိုက်ပါခဲ့သည်။ မိုးရာသီဖြစ်သောကြောင့် ပတ်ဝန်းကျင်သည် စွတ်စိုတောက်ပြောင်စိမ်းလွင်လျက် ရှိသည်။ သူ ဘက်စ်ကား စီသည့် ကားဂိတ်မှ သွားမည့် မှတ်တိုင်ထိက အနည်းလေး နာရီဝက်ကျော်ကျော် လောက် ကားစီးရမည် ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို စိတ်ဝင်တစားကြည့်ကာ လိုက်ပါနိုင်သည်။ တကယ်တော့လည်း စိတ်ဝင်တစားကြည့်စရာ ဘာမှ မရှိပါသော်လည်း (မြင်နေကျမြင်ကွင်းများသာ) စကားပြောဖော် တယောက်တလေ မရှိသည့်အတွက် ထိုမြင်ကွင်း များကိုပင် အသစ်အဆန်းသဖွယ် ကြည့်ရှု့ကာ နေရတော့သည်။

ကြော်ငြာဆိုင်းဘုဒ်များမှ မင်းသမီးခပ်ကျကျ ခပ်၀၀ ၏ နန်းဆန်ဆန်ပြုံးတုန်းတုန်းကြည့်နေဟန် ၊ ခပ်ငယ်ငယ် မော်ဒယ်မလေး၏ ဒေါင့်မြင့်ဖိနပ်ကြော်ငြာကြောင့် လှနေသောအနောက်ပိုင်း ကောက်ကြောင်း စသည်တို့ကို စိတ်ဝင်စားဖွယ်မဟုတ် စိတ်ဝင်တစားကြည့်နေမိသည်။ ဒီလိုနှင့် ဆင်းရမည့် မှတ်တိုင်နားရောက်တော့ မိုးက ခပ်ဖွဲဖွဲ ရွာလာပါသည်။ တော်သေးသည်။ ကိုင်နေကြထီးခပ်နွမ်းနွမ်း ပါလာလို့ အဆင်ပြေသွားသည်။ အပြင်သွားလျှင် တအုပ်မဟုတ် တအုပ်ယူလာတက်သော စာအုပ်တအုပ်ကို ကိုင်ကာ ထီးဖွင့်ဆောင်းရင်း ခပ်အေးအေးပင် လျှောက်လာခဲ့သည်။ ချိန်းထားသည့် နေရာရောက်တော့ ညနေ ၄ နာရီ ၅၀ တိတိ။ ကိုယ့်ဟာကို ပြုံးမိသည်။ ဘာလို့ ခုလိုအချိန်က အတိအကျ ဖြစ်နေရလည်း မသိပေ။

ချိန်းထားသည့် သူမ မရောက်သေးသည့်အတွက် ထုံးစံအတိုင်း ကော်ဖီတခွက် မှာသောက်ကာ ယူလာသော စာအုပ်ကို ဖတ်နေသည်။ စာအုပ်သည် ၀ယ်ထားတာကြာပြီ ဖြစ်သော်လည်း သေချာ မဖတ်ရသေးသော စာအုပ်ဖြစ်သည်။ အယ်ဒီတာများ နှင့်တွေ့ဆုံခြင်းစာအုပ်ဖြစ်သည်။ ဖတ်၍ အတော်ကောင်းသည်။ ယနေ့ခေတ် မြန်မာမဂ္ဂဇင်း လောကမှ နာမည်ကြီး အယ်ဒီတာများနှင့် တွေ့ဆုံ၍ စာပေအကြောင်း၊အယ်ဒီတာကျင့်ဝတ် အစရှိသည်တို့ကို ပညာသားပါပါ မေးမြန်ပြီး အယ်ဒီတာဆရာများက ပညာသာပါပါဖြေကြားထားသော စာအုပ်ဖြစ်သည်။ မောင်သွေးသစ်တို့ မောင်တည်ငြိမ်တို့ ကောက်နွယ်(ကနောင်) တို့ပါသည်။  ဖတ်၍ စိတ်ဝင်စားဖွယ် များပါသည်။

မောင်သွေးသစ်၏ ကဗျာအပေါ် ကဗျာဆရာတယောက်အနေဖြင့် ဖွင့်ဆိုချက်ကို သဘောကျမိသည်။ ကော်ဖီ တ၀က်ကျိုးသွားပြီ။ အချိန်က ၁၅ မိနစ်ကျော် ကြာသွားပြီ။ သူမ ရောက်မလာသေး။ ခံတွင်းချဉ်လာသဖြင့် စီးကရက်တလိပ် ဖွာမိသည်။ စီးကရက် မီးညှိပြီးကာမှ ဘေးဘီကို အားနာသလို ဖြစ်သွားသော်လည်း ကိုယ့်ရှေ့ဝိုင်းမှာ ထိုင်နေသည့် ငနဲက အမျိုးသမီးတယောက်နှင့် စကားပြောရင်း စီးကရက်တဖွာဖွာ လုပ်နေသောကြောင့် သက်သာရာ ရသွားသည်။ စီကရက်တလိပ်ကုန်လေသည်။ ကော်ဖီ တငုံစာမျှကျန်တော့သည်။ အယ်ဒီတာ သုံးယောက်လောက် အကြာင်း ဖတ်ပြီးသွားသည်။ သူမ ရောက်မလာသေး။

မျက်လုံးသည် စာအုပ်ကို အတော်ကြာဖတ်နေသဖြင့် အဝေးသို့လှမ်းကြည့်သောအခါ သဲကွဲစွာမမြင်ရပေ။ အပြင်ဘက်တွင် မိုးက ခပ်မှောင်မှောင် သည်းသည်းရွာနေဟန်တူသည်။ မိုးသံကိုကား မကြားရပေ။ ဖြတ်သန်းသွားနေသော လူများ ထီးဆောင်းနေသောကြောင့်နှင့် ရုတ်တရက်အပြင်တွင်မှောင်နေသောကြောင့်သာ တွေးမိသည်။ ဆိုင်ကောင်တာကို ကြည့်လိုက်တော့ အမျိုးသမီးတယောက်နှင့် ကောင်တာက ကောင်မလေး စကားပြောနေသည်။ ရုတ်တရက်ဆိုတော့ သူမ များလားဟု ထင်လိုက်မိသည်။ ကိုယ့်မျက်လုံးလဲ ကိုယ်အပြစ်တင်မိသည်။ ဒီလောက်တောင် သဲကွဲအောင် မမြင်ရပေဘူးလား။ အသွင်ဟန်ပန်သည် အတော်ကိုတူသည်။ ဒါမှမဟုတ် ကိုယ်မြင်ချင်သည့်ဟာကို ဦးနှောက်က သိနေသဖြင့် မျက်စိအမြင်တွင် တမင် လာထင်ဟပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကော်ဖီတခွက်ကာ ကုန်လေသည်။ ရေနွေးလည်း ၇ ခွက်လောက် သောက်ပြီးဖြစ်သည်။ စီးကရက်တလိပ် ထပ်ဖွာရှိုက်သည်။ နာရီလက်တံများက ၆ နာရီကို ရောက်ဖို့ အနည်းငယ်သာလိုတော့သည်။ သူတို့ဟာသူတို့ တရွေ့ရွေ့ သွားနေသည်။ သူမကာ ရောက်မလာသေးပေ။ သေချာပါပြီ.. ချိန်းတဲ့ အချိန်နောက် မိနစ် ၅၀ လောက်ကျသွားနေပြီဖြစ်သည်။ မိုးကလည်း ခပ်စိတ်စိတ်လေး ရွာနေသည်။ တကယ်တော့ ရာသီဥတုက လန်းဆန်းနေပေသည်။ သူ၏ စိတ်တွင်တော့ ထင်သလောက် မလန်းပေ။ ဆိုင်မှ ထွက်ကာ လမ်းပေါ်ရောက်လာသည်။ ထီးဖွင့်ဆောင်းကာ ခပ်အေးအေးပင် လမ်းလျှောက်နေလိုက်သည်။ စိတ်ထဲတွင်တော့ သူမ ထီးမှ ပါ ပါလေလားဟု တွေးနေမိသည်။

ညနေခင်း၏ မိုးဖွဲဖွဲအောက်မှာ ပျားပန်းခက်သွားလာနေသော သူများကို အမှတ်မဲငေးမောကြည့်နေမိသည်။ သူမကို ယောင်ရမ်းပြီးများ
တွေ့လိုက်လေမလားဟု စိတ်ထဲက ဖြစ်နေသည်။ ပြည်လမ်းမကြီးသည် နက်ပြောင်တင်းမာနေသည်။ ကားများသည်လည်း အလျင်မလိုဟန် ခပ်ဖြေးဖြးသွားနေကြသည်။ သူသည်လည်း ခပ်နှေးနှေးသာ လျှောက်နေသည်။ မိုးစက်များသည် တစက်စက်နှင့် တံစက်မြိတ်တခုအောက်မှ ကျနေသည်။ လေသည် ခပ်ကြမ်းကြမ်း တချက် မွှေ့လိုက်သည်။ မိုးစက်မှုံမွှားလေးများ လွင့်စင်ထွက်သွားသည်။ သူသည် အိပ်တန်းပြန် ငှက်ကလေးများကို ငေးမောကြည့်နေမိသည်။ တကောင်၊ နှစ်ကောင်၊ သုံးလေးငါးကောင်။ ဟိုး အဝေးမှာ ကောင်ကင်ကြီးက ခပ်ညိုညို။ မိုးကာ စဲမည့်ပုံ မပေါ်တော့ပါ…။

ဖိုးသူတော် ( ၁၁.၉.၂၀၁၀)

>

တိမ်တမျှင် အတွေးတစ်စ

ဆည်းဆာချိန်ဖြစ်သည်။ မကြာမီနေ၀င်တော့မည်။ ကောင်းကင်၏ အချို့နေရာများသည် လိမ္မော်ရောင်ဖျော့ဖျော့ တိမ်များဖြင့် လှပနေသည်။အမျိုးအမည်မသိသော ငှက်ကလေးများလည်း ဟိုတစ်စုသည်တစ်စုဖြင့် ပျံဝဲနေကြသည်။ အိပ်တန်းသို့ပြန်ရန်အတွက်ဖြစ်ပေလိမ့်မည်။ မြစ်ပြင်သည် လှိုင်းကြက်ခွပ်လေးများဖြင့် လှုပ်ရှားသက်ဝင်နေသည်။ ဟိုဟိုဒီဒီ မျှောပါနေသော ဗေဒါ အစုစုတို့သည်လည်း မြစ်ပြင်၊လှိုင်းကြက်ခွပ်လေးများနှင့် ကာရံညီစွာ မျှောပါနေသည်။ လှေဦးထိုးခွဲ၍ ဖွာကျနေသော ရေဖွားများသည်ပင် ကြည့်၍ကောင်းနေသည်။ အင်ဂျင်စက်သံက မှန်မှန်ထွက်ပေါ်နေသည်။ သို့သော် စိတ်အာရုံများက နီးနီးဝေးဝေးပျံ့လွင့်နေသောကြောင့် အင်ဂျင်သံထွက်ပေါ်နေသည်ကို သတိမထားမိချေ။ သို့တည်းမဟုတ် နားများက အလိုအလျောက် အင်ဂျင်သံကို ဥပက္ခာပြုထားခြင်းဖြစ်နိုင်သည်။

လူ့ဘ၀ဟူသည် ၀ါကျင့်ကျင့်မြစ်ပြင်လည်းဖြစ်နိုင်သည်။ ထိုမြစ်ပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေးများလည်းဖြစ်နိုင်သည်။ ဟိုမှာသည်မှာမျှောပါနေသော ဗေဒါအုပ်များလည်းဖြစ်နိုင်သည်။ အိပ်တန်းပြန် ငှက်ကလေးများကဲ့သို့လည်း ဖြစ်နိုင်သေးသည်။ ထို့ပြင် လူ့ဘ၀ဟာ လူ့ဘ၀ပင် ဖြစ်နေနိုင်ပါသေးသည်။

မြစ်တစ်ခု၏ ကျောပေါ်တွင် လူ့ဘ၀ပေါင်းများစွာကို ထမ်းပိုးထားသည်။ ထိုဘ၀များသည်ပင် မြစ်တစ်ခု၏ ဘ၀ဖြစ်နေသည်။ လူတစ်ယောက်စီတွင် မွေးဖွားလာကတည်းက လူအဖြစ်ရှင်သန်ရန် အင်္ဂါရပ်များပါလာပါသည်။ ထိုသို့ လူအဖြစ်ရှင်သန်ရန် အရာများနှင့်အတူ ဘ၀တစ်ခုပါတွဲပါလာပါသည်။ ထိုအရာသည် ထိုသူ၏ ဘ၀ပင်ဖြစ်သည်။ သူ့ဘ၀၏ အဆိုးအကောင်းအကျိုးအကြောင်းများကို သာမန်အားဖြင့် ငယ်ရွယ်စဉ်မှာ ပတ်ဝန်းကျင်က များစွာဖော်ဆောင် ပြောင်းလဲသော်လည်း ကြီးပျင်း၍ လူလားမြောက်လာသောအခါ မိမိကိုယ်တိုင် ဖန်တီးဖော်ဆောင် ပြောင်းလဲ လာရပါသည်။ ထိုသို့ဖန်တီးလာသော ဘ၀ပိုင်ရှင်များ (ကျားနှင့်မ) တစ်ဦးနှင့်တစ်ဦး (ဘ၀တစ်ခုနှင့်တစ်ခု) ပေါင်းစပ်ကြသည်။ အိမ်ထောင်ပြုသည်ဟု ယေဘုယျအားဖြင့်ခေါ်နိုင်ပါသည်။ ထိုသို့ပေါင်းရာတွင် တစ်နှင့်တစ်ပေါင်းသည်လည်းဖြစ်နိုင်သည်။ အပေါင်းတစ်နှင့် အနုတ်တစ် ပေါင်းသည်လည်း ဖြစ်နိုင်သည်။ အပေါင်းတစ် အနုတ် နှစ်လည်း ဖြစ်နိုင်သည်။ ပေါင်းတော့ ပေါင်းကြသည်။ ရလဒ်အဖြေမည်ရွေ့မည်မျှကို စိတ်ဝင်စားကြသည့်ပုံမပေါ်ချေ။ ပေါင်းအဆင်ပြေ၍ ဂဏာန်းအနည်းငယ် ညှိပြီး ပေါင်းခြင်းဖြစ်နိုင်သည်။

နေလုံးဝ ၀င်သွားသည်။ ၀န်းကျင်တစ်ခုလုံးသဲကွဲစွာမမြင်ရတော့ပါ။ မှောင်သွားသည်ဟုမဆိုလိုပါ။ နေ့ခင်းအလင်းရောင်များ ပျောက်ကွယ်၍ ညအလင်းရောင် တစ်မျိုးဖြစ်လာခြင်းဖြစ်သည်။ ကောင်းကင်တွင် ကြယ်တစ်လုံး ထင်းထင်းကြီး တောက်နေသည်။ ထိုကြယ်၏ အလင်းရောင်လည်း ဖြစ်နိုင်သည်။ မဟုတ်လောက်ပါ။ ဟုတ်ကောင်းလည်း ဟုတ်နိုင်သည်။ သဘာဝည အလင်းရောင်အပြင် လူတို့ဖန်တီးထားသော အလင်းထုတ်သည့် အရာများမှလည်း အလင်းရောင်တစ်ချက်ချက်ရသည်။ ရုတ်တရက် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တစ်လုံးတည်းသော ကြယ်ကြီးအပြင် ကြယ်ပေါင်းများစွာ ကောင်းကင်တွင် ဖရိုဖရဲ ပြန့်ကျဲနေသည်။ အချို့နေရာများမှာတော့ မဲမဲ သာမြင်ရသည်။ တိမ်ဖုံးနေခြင်း ဖြစ်မည်။ လူ့ဘ၀တွင်လည်း တစ်ချို့က ကြယ်များလို လင်းနေ၍ တစ်ချို့က တိမ်ဖုံးနေတက်သည်။

တစ်ချက်တစ်ချက် လျှပ်စီးလက်သွားသည်။ ကြည့်၍ပင်ကောင်းနေသေးသည်။ မိုးရွာမှာတော့ စိုးရိမ်မိသည်။ မြစ်၏ ကျောပေါ် လှေ၏ ၀မ်းထဲတွင် လူ့ဘ၀ပေါင်းများစွာသည် လူ့ဘ၀များဆီသို့ဦးတည်နေကြသည်။ ထိုဘ၀များထဲတွင် ခင်ဗျား ကျွန်တော် ၊ သူ ၊ ယောက်င်္ကျား ၊ မိန်းမ များပါနေနိုင်သည်။

လူ့ဘ၀တွင် အချစ်ဆိုသည်မှာ ကြယ်တစ်လုံးကဲ့သို့ အလင်းရောင်တစ်မျိုးဖြစ်သည်။ ထိုလူ့ဘ၀များထဲတွင် ကျွန်တော်၏ အလင်းရောင်လည်းပါသည်။ ကျွန်တော်၏ အချစ်ဖြစ်သည်။ ကျွန်တော့ ကြယ်လေးသည် ကောင်းကင်တွင် လင်းနေသည်။ ကျွန်တော်သည် နှုတ်မှ ကဗျာစာသားလေး တစ်ပိုဒ်ကိုတိုးတိုးလေး ရွတ်နေမိသည်။

‘လှိုင်းခတ်သံဂီတ… ချိုမြမပီပြင်၊ သည်ရင်မှာ ကြယ်ပြာ..လပြာ.. ကောင်းကင်ပြာ. ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို အို…..လှလိုက်တာ’.. ကျွန်တော်၏ ကဗျာရွတ်သံလေးကို ကြယ်ကလေး ကြားမယ်မထင်ပါ။ ကျွန်တော် နောက်တစ်ခါ အခွင့်အရေးလေးများ ရခဲ့ရင်တော့ ကြယ်ကလေး ကြားအောင် ကဗျာလေး ရွတ်ပြချင်ပါသည်။ ကျွန်တော်သူ့ကိုသိပ်ချစ်သည်။

အင်ဂျင်သံ သဲ့သဲ့လေးပြန်ကြားလာရသည်။ စိတ်သည် အတွေးများနောက်ကို တကောက်ကောက်လိုက်နေရာမှ ပတ်ဝန်းကျင်ကို သတိထားမိလာသည်။ ဟိုးလှမ်းလှမ်းတွင် မီးရောင်ပြပြများ မြင်နေရသည်။ မကြာမီ ဆိပ်ကမ်သို့ ကပ်တော့မည်။ အင်ဂျင်သံသည် မှန်မှန်ပင် ထွက်ပေါ်နေသည်……..။

အမှတ်တရ……………..

ဖိုးသူတော် ( ၁၉.၁၀.၂၀၀၉)

သုညနာရီနှစ်ဆယ့်ငါးမိနစ်..

Photo source : by phoethutaw

>

ကျွန်တော်နှင့် အနုပညာ


အနုပညာဆိုသည်မှာ ကျွန်တော်နှင့် များစွာမနီးကပ်သလို များစွာလည်း မဝေးကွာပါ။ အကြောင်းမူ ကျွန်တော်သည် စာအုပ်စာပေများကို နှစ်သက်သည်။ ကဗျာများ၊စကားပြေအရေးများ၊အက်ဆေးများ၊ ၀တ္ထူတို ရှည်များ၊ ကျွန်တော်နားလည်နိုင်သော ပန်းချီကားများ၊ တခြားသော ဖန်တီးမှု အနုပညာများ အစရှိသည်တို့ ကို သဘောကျသည်။ ဒါကိုပဲ အနုပညာနှင့် မဝေးဟု ပြော၍ရသည်။ တနည်းဆိုပြန်သော် ကျွန်တော် သည် အနုပညာရှင်လို့ ပြောလို့ရသူများလို အနုပညာဖန်တီးမှု အားနည်းသည်။ ကဗျာဆိုလျှင်လည်း ခံစားချက်သက်သက်များကို စကားလုံးနည်းစွာနှင့်သာ ဖန်တီးနိုင်သည်။ စကားလုံးကြွယ်ဝစွာ နိမိတ်ပုံများစွာ ဖြင့် မဖန်တီးတက်ပါ။ ထိုသို့ခံစားချက်ကိုပင် အနုပညာမြောက်စွာ ဖန်တီးထားသော ကဗျာများ စာများကို များစွာနှစ်သက်သည်။ ၀တ္ထူဆန်ဆန်ဆိုလျင် စိတ်ကူးထဲမှာပင် ဇာတ်အိမ်လေးဆောက်မိသလောက်ပဲ ရှိသည်။ စာရွက်ပေါ် ချ၍ပင် မရေးမိချေ။


လူတို့သည် မိမိတို့လက်ခံနိုင်သလောက်ကိုပင် လက်ခံနိုင်သည်။ ထိုထက်ပို၍ လက်ခံလိုလျှင်သော် လည်းကောင်း လက်ခံမိလျှင်သော်လည်းကောင်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မည် မဟုတ်ဟုယူဆပါသည်။ ဆိုလိုသည်မှာ ဒါလေးနှင့်ပင် တင်းတိမ်ရောင့်ရဲတော့မည် မည်သို့မျှ အသစ်ကို ဖန်တီးတော့မည် မဟုတ်ဟုပြောလိုရင်း မဟုတ်ပါ။ တကယ်တော့ အနုပညာမြောက်ခြင်း အနုပညာဖြင့် နေထိုင်ခြင်း အစရှိသည်တို့ကို ပြောဆိုဆွေးနွေးရန် ကျွန်တော်သည် မပိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ထိုကဲ့သို့ အစရှိသော စကားလုံးများကို သေချာ နားမလည်၍သော်လည်းကောင်း ထိုကဲ့သို့ပြုမှုနေထိုင်မည် မဟုတ်သောကြောင့် လည်းကောင်းဖြစ်ပါသည်။ ကျွန်တော်မည်ကဲ့သို့ နေထိုင်ပါသနည်းဆိုသော် ကျွန်တော်သည် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာ နေထိုင်ပါသည်။


အနုပညာဖြင့် အသက်မွေးဝမ်းကျောင်း သူများကို အနုပညာရှင် အဖြစ်လည်းကောင်း၊ တနည်း သူလုပ်တက်သော အလုပ် သူ့ဘ၀အတွက် လုပ်သင့်သော အနုပညာအလုပ်ကို လုပ်နေသောသူများဟု လည်းကောင်း မြင်ပါသည်။ ထိုသို့မြင်ခြင်းမှာ သာမန်မြင်ခြင်းဖြစ်ပါသည်။ သာမန်ထက်ပို၍ တနည်းပြောဆိုလျှင် အနုပညာ မြောက်စွာ နေထိုင်၍ အနုပညာမှ အနုပညာဟု၍ မျက်စိမိတ်အော်မည့်သူများကို ကျွန်တော် ပြောဆိုနိုင်ရန် စကားလုံးမရှိပါ။ မပြောဆိုတက်ပါ။ အနုပညာသည် ဖန်တီးမှုလည်း ပါသလို အနုပညာရှင်၏ စိတ်သန္တာန်မှ ထွက်ပေါ်လာသော ကွန့်မြူးလာသော ကိစ္စရပ်များကို ကြားခံမီဒီယံ တစ်ခု အသုံးပြု၍ ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ဤသည်မှာ အနုပညာရှင်၏ ဖန်တီးမှုအားနှင့် စိတ်သန္တာန်ကွန့်မြုးမှုပေါ်မူတည်၍ များစွာ ကွဲပြားနိုင်ပါသည်။ စိတ်သန္တာန်မှ ဆိုသော်လည်း တစ်ချို့ လုပ်၍ယူထားသော အရာများနှင့် ပေါင်းဖက်မည်ဟု ထင်ပါသည်။


ထိုပြင် ကျွန်တော်သည် မည်သို့သောသူများကို အနုပညာရှင် မည်သို့သူများကတော့ အနုပညာရှင် မဟုတ်ဟူ၍ သေချာစွာ မခွဲခြားနိုင်သေးပါ။ စာရေးဆရာကို အနုပညာရှင်ဟုပြောရမည်ဆိုလျှင် စာရေးတိုင် အနုပညာရှင် ဖြစ်မည်ဟု ပြောဆိုခြင်းသာဖြစ်ပါမည်။ ဆိုလိုသည်မှာ စာရေးရာတွင် ရသစာပေ ဖြစ်ချင်ဖြစ်မည်။ ရသစာပေ ဟုတ်ချင်မှ ဟုတ်မည်။ သမိုင်း ၊ ဇီဝဗေဒ ၊ မနုဿဗေဒ၊ ဘူမိဗေဒ ၊ ဥပဒေ၊ စီးပွားရေး ၊ဆေးပညာ ၊ နည်းပညာ အစရှိသော ပညာရပ်ဆိုင်ရာများ ရေးသား လျှင်လည်း ဖြစ်သည်။ ထိုသို့ရေးသားသောသူများကို အနုပညာရှင်ဟု ခေါ်၍ရမည် မဟုတ်ဟုထင်ပါသည်။ ပန်းချီဆရာသည် အနုပညာရှင်ဖြစ်ပါသည်။ ဒီဇိုင်းဆရာသည်လည်း အနုပညာရှင် ဖြစ်ပေသေးသည်။ သို့သော် ကားနံပါတ်ရေးခြင်း၊ ဆိုင်ခန်း အိမ်ခန်းများ ဆိုင်းဘုဒ် ရေးသားသူသည် အနုပညာ ရှင်ဟု ပြော၍ရမည်မဟုတ်ပါ။ တနည်းဆိုသော် ဖန်တီးမှုနှင့် စိတ်သန္တာန်မှကွန့်မြူးမှုကို အရင်းခံ၍ လုပ်ဆောင်တက်၊ဖော်ပြတက်သော သူများကို အနုပညာရှင် ဟု ပြော၍ရမည်ထင်ပါသည်။


ကျွန်တော်သည် ဘ၀တွင် အနုပညာရှင်ဟု ပြော၍ရသော တနည်း အနုပညာလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြု သောသူများနှင့် များစွာ မပေါင်းဘူးပါ။ အဆိုတော်၊ စာရေးဆရာ၊ ပန်းချီဆရာ အစရှိသဖြင့် သာမန်သိကျွမ်းသူ များသာ ရှိသောကြောင့် အနုပညာရှင်ဟု ပြောဆိုလို့ရမည်သူများနှင့် သူတို့၏ဘ၀နေထိုင်ပုံကို သေချာမသိပါ။ သာမန်အချိန်တွင် သာမန်သာနေထိုင်မည်ဟု ယူဆပါသည်။ အနုပညာအလုပ်လုပ်နေသောအချိန် အနုပညာ ဇျန်ဝင်စားနေသော အချိန်ဆိုလျှင်တော့ သာမန်ထက်ပိုမည်ဟု ထင်ပါသည်။


ကဗျာများ၊ ပန်းချီများ၊ စာများကို ဖတ်ရှု့ကြည်ရှု့သော်လည်း ကျွန်တော် နားလည်နိုင်မှု ကျွန်တော်မြင်သွားသော အမြင် ကျွန်တော့်လက်ခံနိုင်မှုနှင့်သာ ကျွန်တော်တိုင်းတာပါသည်။ ဖန်တီးထားသော အနုပညာရှင် ပေးချင်သော ပြချင်သော ပြောချင်သော အရာကို ကျွန်တော်လည်း ကျွန်တော်အဆင်ပြေသလိုသာ ရနိုင်ပါသည်။ အတင်းအကျပ်ကြီး လုပ်၍မရသော အရာများဖြစ်သည်။ တနည်းဆိုသော သာမန်လူချက်ချင်းသိနိုင်သော ကိစ္စများကို ကျွန်တော် လက်ခံ၍ မရ မသိဘူးဆိုလျှင်တော့ ကျွန်တော့်၏ အသိဥာဏ်တိမ်မှုသာ ဖြစ်ပါလိမ့်မည်။ ကျွန်တော် မသိပါပဲနှင့် ကောင်းပါသည်၊ ကောင်းလိုက်တာ၊ ဘယ်လို ဘယ်ပုံဆိုသည်ကို မပြောဆိုတက်ပါ။ ပြောဆိုမည်ဆိုလျှင်လည်း မြင်းထိန်းငတာလို ငဖြီးသာဖြစ်ပါလိမ့်မည်။


ကျွန်တော်သည် အနုပညာ ဂီတ နှင့်ပတ်သက်လျှင်လည်း အနည်းတော့ သူများထက်စာလျှင် ဝေးကွာပါလိမ်မည်။ ဂီတကို မခံစားတက်လို့တော့ ဟုတ်လိမ့်မည် မဟုတ်ပါ။ ဂီတ ဆိုသည်ကို တိရစ္ဆာန်များပင် ခံစားနိုင်စွမ်းရှိမည်ဟုထင်ပါသည်။ တနည်းဆိုသော် ကျွန်တော်သည် ဆူညံပေါက်ကွဲလွယ်သော သီချင်းများနှင့် သဟဇာတ ဖြစ်သောသူ မဟုတ်ပါ။ အေးစက်စက်ဆိုလျှင်လည်း သည်းခံကာနားထောင်နိုင်စွမ်းတော့ ရှိပါသည်။ သာမန်ရိုက်ချက်များနှင့်သာ တီးသော ဂီတများနှင့် ဖန်တီးမှုများနှင့် ပိုမို၍ သဟဇာတ ဖြစ်ပါသည်။ ထိုပြင်လူတို့ တီးခက်သော အနုပညာပစ္စည်းများမှ ထွက်သော အသံများကို များစွာသဘောကျပါသည်။ လေ့လာမှုအားနည်း၍ လူတီးခက်သော များစွာသော အနုပညာပစ္စည်းများကို နားမထောင်ဘူးသော်လည်း နားထောင်ဘူးသမျှ ဗုံ၊ ပတ္တလား၊ စောင်းမှ စ၍ မဒလင်၊ ဂစ်တာ ၊ တယော၊ စန္နယား နှင့် တီးဝိုင်းသံများထိ နှစ်သက်ပါသည်။ ဆူညံပွက်လောရိုက်နေပြီဆိုလျှင်တော့ အခြေအနေ အချိန်အခါအရသာ လက်ခံနိုင်စွမ်းရှိပြီး သာမန်ဆိုလျှင်တော့ လက်ခံနိုင်စွမ်းမရှိပါ။


အထက်ဖော်ပြပါ အကြောင်းအရာများသည် ကျွန်တော်၏ တသီးပုဂ္ဂိုလ သိမြင်မှုသက်သက်သာဖြစ်ပါသည်။ မည်သို့သော အနုပညာ အလုပ်ဖြင့် သက်မွေးဝမ်းကျောင်းမှုပြုနေသူများ၊ အနုပညာရှင်များကို ပြောဆိုခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံစဉ်းစားမိသည်များကို ရေးခြင်းသာဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်နှင့် အနုပညာမှာ အနီးကြီး မဟုတ်သလို မဝေးသေးသည်ဟု ပြောလို့ရပါသည်။


ဖိုးသူတော်

၀၁.၁၀.၀၉

၂နာရီ ၄၉ မိနစ်။

photo source : Internet

>


ကျွန်တော့်အခန်း


ကျွန်တော့် အခန်းလေးသည် ၁၂ x ၁၅ပေ ပတ်လည်လောက်တော့ရှိမည်ဖြစ်သည်။ တစ်ယောက်တည်း နေခြင်းမဟုတ်ပါ။ အခန်းဖော်သူငယ်ချင်းတစ်ယောက်ရှိသည်။ အခန်းထဲတွင်ကုတင် နှစ်လုံးရှိသည်။ ကုတင် နှစ်လုံးအလည်တွင် စားပွဲအပုတစ်လုံးရှိသည်။ အခန်းဖော်သူငယ်ချင်းမှာ အိမ်ထောင်သည်ဖြစ်သောကြောင့် ရံဖန်ရံခါ အိမ်ပြန်တက်သည်။ တကယ်တန်းဆိုသော် ကျွန်တော့် အခန်းသည် ကျွန်တော် ညဘက် ၀င်အိပ်ရာ ကျောချရ နေရာတစ်ခုပင် ဖြစ်သည်။ ကျွန်တော်သည် အလုပ်ထဲနှင့် အပြင် နောက်ပြီး ကွန်ပျုတာရှေ့တွင်သာ အချိန်ကုန်များလေ့ရှိသူဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျွန်တော့်အခန်းထဲရှိ ကုတင်ပေါ်တင် ခဏလှဲပြီး တစ်ခုခုစဉ်းစားတာ ဖြစ်ဖြစ် စာအုပ်ဖတ်တာဖြစ်ဖြစ် ကျွန်တော်သဘောကျသည်။


ကျွန်တော့် ခုတင်သည် ကျွန်တော့လို ခပ်ပိန်ပိန်လူတစ်ယောက်အတွက် အနည်းငယ်ကြီးနေသည်။ ပြီး သာမန်ကုတင်တွေထက်လည်း မြင့်သည်။ ကျွန်တော့်ခုတင် ပေါ်တွင် ခေါင်းအုန်း နှစ်လုံးရှိသည်။ တစ်လုံးက ခေါင်းအုန်းရန်နှင့် ကျန်တစ်လုံးက ခေါင်းရင်းမှာ ထားရန်ဖြစ်သည်။ ကျွန်တော်က ည အိပ်ရင် ခြင်ထောင်နှင့် ခေါင်းထိနေလျှင်မအိပ်တက်သောကြောင့်ဖြစ်သည်။ နောက်ထပ် စောင် နှစ်ထည်ရှိသည်။ တစ်ထည်က အောက်တွင် ခင်းရန်နှင့် တစ်ထည်က ခြုံရင် ခြုံ မခြုံရင် ဗိုက်ပေါ်တင်အိပ်သော စောင်ဖြစ်သည်။ စောင်ကို ဗိုက်ပေါ်တင်မအိပ်ရရင် အိပ်မပျော်သော အကျင့်လည်းရှိသည်။ အုန်းအိပ်သည့် ခေါင်းအုန်းဘေးတွင် ကျွန်တော် ပိုင်ဆိုင်သည့် စာအုပ်အနည်းငယ်မှ စာအုပ်အချို့သည် ဘယ်ညာ နှစ်ဘက်တွင်အမြဲရှိတက်သည်။ နောက်ပြီး ကျွန်တော့်တွင် အ၀တ်ဘီဒို မရှိသောကြောင့် ခုတင်ခြေရင်းဘယ်ဘက်လောက်တွင် အ၀တ်ထည့်သည့် အထုတ်တစ်ထုပ်သို့မဟုတ် နှစ်ထုပ်ရှိနေတက်သည်။


ခုတင် ခေါင်းရင်း ကျွန်တော်အိပ်သည့် အပေါ်ဘက်နံရံတွင် ကျွန်တော့ ဓါတ်ပုံ နှစ်ပုံကို ကိုယ့်ဟာကို A4 စာရွက်နှင့် ပရင့်ထုတ်ထားပြီး ကပ်ထားသည်။ ထိုဓါတ်ပုံ ၂ ပုံ အထက်ဘက် တံခါးဘောင်နှင့် ကပ်ရပ်တွင် ကျိုက်ထီးရိုးဘုရားက ၀ယ်လာသော ရွှေမှုံကပ် ကျိုက်ထီးရိုးဘုရားပုံလေး ချိတ်ထားသည်။ ဘယ်ဘက်ဘေးနံရံတွင် ရေဆေးပန်းချီကား နှစ် ချပ် ကိုလည်း ပရင့်ထုတ်ပြီး ကပ်ထားသည်။


ခုတင်ဘေးက စားပွဲသည် ကျွန်တော့် စားပွဲလိုဖြစ်နေသည်။ ထိုစားပွဲပေါ်တွင် ကျွန်တော့် စာအုပ်စာတန်းတွေ စာရွက်တွေ နှင့် အမျိုးအမည်များစွာတပ်စရာပစ္စည်းများ ရှုပ်ပွနေသည်။ ထိုအခန်းမှာစနေကတည်းက ယနေတိုင် ရှင်းလင်းခြင်းမရှိပဲ ရှုပ်နေခြင်းဖြစ်သည်။ ထိုစားပွဲပေါ်မှာပဲ ကျွန်တော့်၏ သွားတိုက်တံ သွားတိုက်ဆေးနှင့် ကျန်ရေချိုးသုံးပစ္စည်းများ တခါတည်းပေါင်းထားသည်။ ထိုစားပွဲသည် အောက်ဘက်တွင် ဆင့် တစ်ခုရှိသည်။ ထို ဆင့်ပေါ်တွင် ကျွန်တော်နှင့် အခန်းဖော်ပြင်မည်ဆိုပြီး ဒီတိုင်းထားထားသော ဆေ့ဂတ်များ၊ ယူပီအက်စ်များ တခြား မွစိမွစ ပစ္စည်းများစွာရှိသည်။ ကျွန်တော့ခုတင်အောက်တွင် အသုံးမပြုဖြစ်သော ဖုန်းကြိုးအဟောင်းများနှင့် ၀ါယာကြိုးအဟောင်းများလည်း ရှိသေးသည်။ သူငယ်ချင်းကုတင်အောက်တွင် ကျွန်တော့် အလုပ်နှင့်ဆိုင်သည့် စာအုပ်စာတန်းစာရွက် တိုလီမိုလီများထည့်ထားသော စက္ကူသေတ္တာ တစ်လုံးရှိသည်။ နောက်ပြီး သူငယ်ချင်း၏ ဟန်းတူးလ်စ် များ အခြားလျှပ်စစ်သုံးပစ္စည်းများလည်း ရှိသည်။


ကျွန်တော်အခန်း ၀င်ဝင်ခြင်းတံခါးဘေးတွင် ဆင့်ကလေး တစ်ခုရှိသည်။ ထိုဆင့်အပေါ်တွင် စပီကာ အဟောင်းတစ်လုံးရှိသည်။ နောက်ခံအထိုင်ခွက်မပါသော လျှပ်စစ်ဆော့ကတ်ဒ် တစ်ခုရှိသည်။ ထိုဆင့်ပေါ်တွင် မလည်တော့သော ပန်ကာ အဟောင်းတစ်လုံးရှိသည်။ ထိုဆင့်ကလေး အောက်ဘက် ညာဘက်ဘေးတွင် အဲ့ယားကွန်းထည့်သည့် စက္ကူသေတ္တာအဟောင်းတစ်လုံးရှိသည်။ ထိုအပေါ်တွင် ကျွန်တော်ဝတ်ပြီးသော ဘောင်းဘီများပုံထားသည်။ ကျွန်တော်သည် ခြင်ထောင်ဖြင့်အိပ်လေ့ရှိသူတစ်ဦးဖြစ်ရာ ခြင်ထောင်ကိုလည်း မည်သည့်အခါမျှ ဖြုတ်သိမ်းချင်းမရှိပါ။ လွန်ခဲ့သော တစ်လ လောက်က ခြင်ထောင်ကြိုးပြတ်သွားသောကြောင့် အခန်းထဲရှိ တစ်ချောင်းတည်းသော နက်ဝက်ခ်ကြိုးကို ခြင်ထောင်ကြိုးလုပ်ထားရာ ယခုထပ်တိုင်ဖြစ်သည်။ နက်ဝက်ခ်ကြိုးက အတော်ရှည်နေသောကြောင့် အလည်လောက်ကနေ ခြင်ထောင်ကြိုးအဖြစ် ခဏသုံးထားခြင်းဖြစ်သည်။ ထိုကြိုးပေါ်တွင် မလျှော်ရသေးသော အ၀တ်ဟောင်းများတင်ထားသည်။ ကုတင်ခြေရင်း အောက်ဘက်တွင် ဖိနပ်များထားသည်။ ခြေအိပ်အဟောင်းများရှိသည်။ တစ်ခါလောက်ဝတ်ပြီး ထပ်မ၀တ်ဖြစ်တော့သော မလျှော်ရသေးသော ခြေအိပ်များဖြစ်သည်။


အခန်းထဲရှိ ကုတင်ပေါ်တွင် ပက်လက်လှန်အိပ်လိုက်ပါက အခန်းအလည်တည့်တည့်ရှိ မျက်နှာကျက်မှာ နှစ်ပေ ပတ်လည်ခန့်ပေါက်နေသည်ကို တွေ့ရမည်။ အခန်းခေါင်းရင်းပြတင်းပေါက်ကလည်း မှန်ကွဲသွားရာ သစ်သားပြားလေး ဖြင့်မလုံမခြုံလေး ပြန်ရိုက်ထားသည်။ အခန်းသည် မသပ်မရပ်မသန့်မရှင်းဖြစ်နေသည်။ တစ်ခါတစ်ရံ မိတ်ဆွေသူငယ်ချင်းများ၏ သပ်သပ်ရပ်ရပ်သန့်သန့ှ်ရှင်းရှင်း အခန်းများကို သွားလည်ဖြစ်ရင် သဘောကျတက်သည်။ ငါ့အခန်းလည်းရှင်းဦးမယ် ဒီလိုမျိုးဟု တွေးတက်သည်။ ထိုအတွေးသည် ထိုသူငယ်ချင်းအိမ်က ပြန်လျှင်သူ့အိမ်မှာပင်ကျန်ခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သည် ကျွန်တော့် အခန်းလေးကို သံယောဇဉ်ရှိသည်။ အပြင်မှာဘယ်လောက်မိုးချုပ်မိုးချုပ် အခန်းလေးကို ရောက်အောင်ပြန်သည်။ ရှုပ်ထွေးထွေးကုတင်ပေါ်တွင်သာ အိပ်သည်။ ခုတင်က ရှင်းရှင်းလေးဖြစ်နေရင်ကို မအိပ်တက်သလို ဖြစ်နေသည်။ တကယ်တော့ စာတစ်တန် ပေတစ်တန်ဖွဲ့စရာမလိုသော ကျွန်တော့ အခန်းလေးကို ကျွန်တော်က အမှတ်တရဖြစ်အောင် ရေးဖြစ်ခဲ့သည်။ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လို တော့ ကျွန်တော့် အခန်းဟာ ဆေးလိပ်တိုများနှင့် ရှုပ်ပွမနေပါဘူး။ အခန်းထဲတွင်ကျွန်တော် ဆေးလိပ်သောက်ခဲသည်။ သို့သော ကျန်သော အရာပေါင်းများစွာနှင့် ရှုပ်နေတက်သည်။ ထိုသို့ ရှုပ်နေသော အခန်းကိုသာ ကျွန်တော် ခင်တွယ်နေသည်။


ဖိုးသူတော်

၁၉.၀၉.၀၉ (စနေနေ့)

၃ နာရီ ၀၇ မိနစ်.

photo source : Internet



Follow

Get every new post delivered to your Inbox.