Category: MBS

>Survey for Myanmar Blogger 2009

>

Survey for Myanmar Blogger 2009

မြန်မာပြည်မှာ အချက်အလက် အတိအကျ ရဖို့ရာ တော်တော်ခက်ပါတယ်။ အင်တာနက် အသုံးပြုသူနဲ့ ဘလော့တွေအကြောင်း ကျွန်တော်တို့ ဒီရပ်ဝန်းကလူတွေတောင် ခန့်မှန်းခြေနဲ့ပဲ ပြောနေရပါတယ်။ ခန့်မှန်းခြေ လုပ်နေရတော့ နိုင်ငံတကာက လေ့လာသူတွေ သိနိုင်ဖို့ အတိအကျရေးရာမှာ အခက်အခဲ တွေ့ကြရပါတယ်။ မြန်မာဘလော့ဂါ လောကကြီးဟာ ၂၀၀၇ နှစ်ဆန်းကစပြီး တရှိန်ထိုး တိုးတက်လာလိုက်တာ အခုဆို တော်တော်ကို ကြီးထွားစည်ပင်နေပါပြီ။ ဒါကြောင့် မြန်မာဘလော့စစ်တမ်းလေး တစ်စောင်လောက် ကောက်ကြည့်ဖို့ ကျွန်တော် ဒါလေးကို လုပ်ထားလိုက်ပါတယ်။ နိုင်ငံတော်တော်များ ဒီလို စစ်တမ်းလေးတွေ ရှိပါတယ်။ ဒီလိုရှိတဲ့အတွက် ပညာရှင်တွေအနေနဲ့ အကဲဖြတ်လို့ ရတယ်။ ခန့်မှန်းလို့ရတယ်။ အနာဂတ်ကို မျှော်ကြည့်လို့ရတယ်။ ဒါလေးကို ကူညီဖြည့်စွက်ပေးကြမယ်ဆိုရင် ကျွန်တော်တို့ ဘလော်ဂါတွေ ဘယ်လောက်ရှိတယ်၊ ဘယ်လို အရာတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်၊ ကျွန်တော်တိုပ ဘာတွေ လုပ်နေကြတယ် ဆိုတာတွေကို လေ့လာလို့ ရလာပါလိမ့်မယ်။ အားလုံးအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဘလော့ရေးတဲ့သူ မှန်သမျှ အောက်က စစ်တမ်းလေးမှာ ကူညီဖြည့်စွက်ပေးပါလို့ အလေးအနက် တောင်းပန်ချင်ပါတယ်။ အခြားသော ဘလော့ဂါများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးပါလို့ အကူအညီတောင်းပါရစေ။

Click here to take Myanmar Blogger Survey 2009

Remark:
1. ဒီစစ်တမ်း ကောက်ယူမှုဟာ တစ်လတိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဩဂုတ်လကုန်မှာ ဒီစစ်တမ်း ရလာဒ်ကို Analyze လုပ်ပြီး ပြန်လည် တင်ပြပေးသွားပါမယ်။ အားချင်း လုပ်ရတာမို့ ဖြေဆိုရာမှာ အခက်အခဲနဲ့ အဆင်မပြေတာအချို့ ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ အခမဲ့ဆိုပြီး သုံးလိုက်မိတဲ့ Application က အကန့်အသတ်နဲ့ ဖြစ်နေတာမို့ Upgrade လုပ်ပေးတဲ့ ကိုမင်းကျော်ကိုလည်း ကျေးဇူးတင်ပါတယ်။

2. Data Duplication မဖြစ်အောင်က Blog Address ထည့်ပေးမှ ရမှာမို့လို့ အဲဒါလေးတော့ ထည့်ပေးကြပါလို့ အကူအညီ တောင်းလိုပါတယ်။ အဲဒါနဲ့ပဲ ကွဲပြားမှုကို တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ ဘာ Tracking မှ မပါပါဘူး။ ကိုယ်တိုင် အဲဒီမှာ အကောင့်ဖွင့်ပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ် ခင်ဗျား။

ကိုညီလင်းဆက် ဆီမှ ကူးယူဖော်ပြပါသည်။ မြန်မာဘလော့ဂ်စစ်တမ်းကောက်ယူမှု ဖြစ်တဲ့အတွက် အားလုံးပါဝင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဖိုးသူတော်(၉.၈.၂၀၀၉)

Announcement

ရှင်းလင်းချက်

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော “Socialization on Net” နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။

Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်းသိစေလိုပါသည်။

ပွဲစီစဉ်သူများ

ကိုသက်ထူး

ကိုဇော်ဇော်

ကိုဖြိုးကျော်

ကိုစိုးဇေယျ

ကိုမျိုးမြင့်အောင်

ကိုဝေမျိုးထွဋ်

မထိုက်ထိုက်အောင်

မတင်မြတ်ထက်

>Announcement

To Nay Phone Latt !

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း “မြို့စားကြီးနေဘုန်းလတ်” လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ “လွတ်ကျခဲ့တဲ့မြို့တော်” ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း “လွတ်ကျခဲ့တဲ့မြို့တော်” တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ ” မြို့စားကြီး ” လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

>To Nay Phone Latt !

Follow

Get every new post delivered to your Inbox.